လယ်မြေပေါ်ဆောက်ထားသည့် နေအိမ် ငါးဆယ်နီးပါး ဖျက်ရမည်

0
1639

ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက် (စောမိညိုလယ်ကွင်း)ရှိ လယ်ယာမြေ ပေါ် မြေဖို့ထားခြင်း၊ အိမ်ဆောက်ခြင်း ပြုထားသူ ငါးဆယ်နီးပါးကို ၁၅ ရက် အတွင်း ပြန်ဖျက်ရန် ထားဝယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဖေဖော်ဝါရီ လ ၄ ရက်က ညွှန်ကြားလိုက်သည်။

စောမိညိုလယ်ကွက်ပေါ်တွင် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် မရှိဘဲ ဆောက်ထားသည့် နေအိမ် ၄၈ လုံးနှင့် မြေဖို့ထားခြင်းကို စာထုတ်သည့် နေ့မှ ၁၅ ရက်အတွင်း ပြန်လည်ဖယ်ရှား ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

အဆိုပါ နေအိမ်များကို သတ်မှတ် ရက်အတွင်း မဖယ်ရှားပါက ၂၀၁၂ လယ်ယာမြေဥပဒေအရ အရေးယူဆောင် ရွက်မည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(လယ်စီ) အတွင်းရေးမှူးက ဆိုသည်။

လယ်ယာမြေဥပဒေ-၁၉ အရ အခြား နည်းအသုံးပြုခွင့်မရှိဘဲ အိမ်ဆောက် နေထိုင်ခြင်း၊ မြေဖို့ခြင်းအပေါ် သတ်မှတ် သည့် ဒဏ်ကြေးပေးဆောင်စေခြင်း၊ သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာ မြေကို ဆောင်ရွက်စေခြင်း၊ လယ်ယာ မြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင် ထုတ်ခြင်း၊ လယ်ယာမြေပေါ်တွင် ခွင့်ပြု ချက်မရှိဘဲ ဆောက်ထားသည့် အဆောက် အအုံများကို ဖယ်ရှားခြင်းများ စသည့် အမိန့်တစ်ရပ်ကို ချမှတ်ရမည် ဖြစ်သည်။

“ဒါတွေက ကျွန်တော်တို့က စီမံ ခန့်ခွဲရေး နည်းလမ်းအရ အရေးယူမယ်။ ဒါမှ မလိုက်နာဘူးဆိုရင် ဥပဒေအရ အရေး ယူရမှာပေါ့။ နှစ်လမ်းရှိတာပေါ့”ဟု မြို့နယ်လယ်စီ အတွင်းရေးမှူးက ဆိုသည်။

အထက်ပါ အမိန့်ကို မလိုက်နာ ပါက တရားရုံးတွင် ဦးတိုက်လျှောက်ကာ တရားစွဲဆိုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

စောမိညိုလယ်ကွင်းတွင် အိမ်ဆောက် နေသူအချို့ကမူ ရပ်ရွာအတွင်း မြေကွက် ဝယ်ယူနေထိုင်ရန် ငွေကြေးမတတ်နိုင် ကြသည့်အတွက် လယ်မြေတစ်စိတ်တစ် ပိုင်းကို ဝယ်ယူကာ အိမ်ဆောက်နေထိုင် ကြရသည်ဟု ဆိုသည်။

အဆိုပါ လယ်မြေကို ပြီးခဲ့သည့် ရှစ်နှစ်ခန့်က ဝယ်ယူပြီး အိမ်ဆောက် နေထိုင်လာရာမှ ပြီးခဲ့သည့်၂ နှစ်ခန့်မှ စကာ နေအိမ် ၄၈ လုံးခန့်အထိ တိုးလာကြောင်း အဆိုပါ လယ်ကွင်းတွင် အိမ် ဆောက်နေထိုင်သူ ဦးခင်မောင်ဌေးက ဆိုသည်။

“ကျွန်တော်တို့ဆင်းရဲသားတွေ မှာက ဒီမှာက ဈေးနည်းတယ်။ ရွာထဲမှာဆို မဝယ်နိုင်ဘူးလေ”ဟု ဦးခင်မောင်ဌေး က ပြောသည်။

ယခုနေထိုင်သည့် နေအိမ်ကိုဖျက် ရပါက ပြောင်းရွှေ့နေထိုင်ရန် အခြားနေရာ မရှိကြောင်း ယင်းနေရာတွင် အိမ်ဆောက် နေထိုင်သည့် ဦးကျော်ဦးက ဆိုသည်။

ထိုကြောင့် နေအိမ်များ မဖျက်ရရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူထံ အသနားခံစာတင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်မြို့နယ်အတွင်း ၂၀၁၉ ခုနှစ်မှ လက်ရှိအချိန်အထိ ခွင့်ပြုချက် မရှိဘဲ လယ်ယာမြေပေါ် အခြားနည်း အသုံးပြုထားသည့် အတွက် တရားစွဲဆို ထားသူ ၄ ဦး၊ တရားစွဲရန် စီစဉ်နေသူ ၅ ဦးနှင့် တားမြစ်စာထုတ်ခံရသူ ၆၄ ဦး ရှိကြောင်း မြို့နယ်လယ်စီ အဖွဲ့ထံမှ သိရသည်။

တားမြစ်စာထုတ်ခံရသည့် အရေ အတွက်တွင် စောမိညိုလယ်ကွင်းအတွင်း နေထိုင်သူများလည်း ပါဝင်သည်။

လယ်ယာမြေပေါ်တွင် ခွင့်ပြုချက် မရှိဘဲ အိမ်ဆောက်နေထိုင်၍ မရကြောင်း ကို မလုပ်မီကတည်းက သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ် ရေးမှူးတို့က ပြောဆိုတားမြစ်သင့် ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန် ကို နှစ်ကြိမ်ထမ်းဆောင်ခဲ့ဖူးသည့် ထားဝယ်မြို့နေ ဦးအောင်နိုင်ဦးက ဆိုသည်။

“ဒီလိုတွေ မပြောခဲ့တာကြောင့် နောက်ဆုံးနစ်နာသူက ရှိစုမဲ့စုနဲ့ ဝယ်ထား တဲ့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေပဲ နစ်နာတာပေါ့ဗျာ”ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ကျောက်မော်ရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးအောင်နိုင်ဦးကမူ အဆိုပါနေအိမ် များ စတင်ဆောက်လုပ်ချိန်ကတည်း ကပင် ဆက်မဆောက်ရန် တားမြစ်စာ ထုတ်ထားသည်ဟု ဆိုသည်။

ထို့အပြင် ဥပဒေအရ ပြန်ဖျက်ခိုင်း သည့်အချိန်တွင် ပြန်ဖျက်မည့်အကြောင်း ကိုလည်း လက်မှတ်ထိုးထားကြကြောင်း ၎င်းက ပြောသည်။

အဆိုပါ လယ်ကွက်တည်ရှိသည့် ထားဝယ်မြို့အတွင်း ဆောက်ထား သည့်အိမ်အများစုမှာ ဥယျာဉ်ခြံမြေ အဖြစ်ပင် စာရင်းပေါက်နေဆဲ ဖြစ်သည်။

သို့ရာတွင် ၂၀၁၂ လယ်ယာမြေ ဥပဒေအရ မြို့နယ်နယ်နိမိတ်၊ ကျေးရွာ နယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေး အဆောက်အအုံနှင့် ပရဝဏ် များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေး အတွက် အသုံးမပြုသောမြေများ မပါဝင် ကြောင်း လယ်ယာမြေ ဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် ဖော်ပြထားသည်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ ၂၀ အရ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်း အသုံးပြု ပါက အနည်းဆုံး ၆ လမှ အများဆုံး ၂ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်း ဆုံးငွေကျပ် ၃ သိန်းမှ အများဆုံး ကျပ် ၅ သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဟု ဖော်ပြ ထားသည်။

လယ်ယာမြေ(လယ်နှင့်ဥယျာဉ်)ပေါ်တွင် အခြားနည်းခွင့်ပြုချက်မရှိဘဲ အိမ်ဆောက်နေထိုင်သူများရှိသကဲ့သို့ လုပ်ငန်းရှင်များက ယင်းလယ်ယာမြေကို ဝယ်ယူကာ တရားမဝင်အကွက်ရိုက်ရောင်း ချမှုများလည်း ကျယ်ပြန့်စွာ လုပ်ကိုင်နေဆဲ ဖြစ်သည်။

ထိုအကွက်ရိုက်မြေများကို အမှန် တကယ်နေထိုင်ရန် ဝယ်ယူသူများရှိ သကဲ့သို့ အမြတ်တင်ရောင်းချရန် လက်ဦးမှုယူ ဝယ်ယူထားသူများလည်း ရှိသည်။

Dawei Watch