မြို့ ရွာတွေအလယ်ထဲက ရေတိမ်တော

0
962

ရုတ်တရက်ဆိုရင် မြို့ရွာထဲက အသုံးမဝင်သော မြက်တောကြီး၊ ရေအိုင်ကြီး အဖြစ်မြင်လေ့ရှိတတ်သည်။ သို့သော် Wetlandခေါ်သော ရေတိမ်တောများက မြို့တွေ ရွာတွေအတွက် မည်မျှအထိ အကျိုးထူးပေးသည်။ အကျိုးရှိသည်ကို သိရှိသဘောပေါက်သူ အနည်းငယ်သာ ရှိသည်။

ရေတိမ်တော (ရေတိမ်ဒေသ) အမျိုး အစားများတွင် အဓိကအားဖြင့် ရေကို ထိန်းသိမ်း၊ လွှတ်ထုတ်ပေးနိုင်သော ရေစိမ့်တော၊ ရွှံ့ညွှန်တော၊ စိမ့်မြေ၊ မြေဆွေးအိုင် စသည်တို့ ပါဝင်သည်။

မြို့ရွာများ ချဲ့ထွင်လိုပါက ယင်း မြက်တော၊ ရေအိုင်ကြီးများကို မြေဖို့ အဆောက်အအုံများ ဆောက်လုပ်ပစ် လိုက်တတ်ကြသည်။ ယင်းမှာ ကိုယ့် ကိုကိုယ် ဒုက္ခရောက်အောင် ပြုမူလုပ်မိ နေပြီ ဖြစ်ကြောင်း အစိုးရများ၊ မူဝါဒ ချမှတ်သူများ၊ လူပုဂ္ဂိုလ်များက မြင်နိုင် ရန် လိုပေသည်။

မြန်မြန်ဆန်ဆန် ကြီးထွားလာနေသော မြို့ပြဧရိယာများ ကို စီမံရာတွင် ရေတိမ်တောများ လျင်မြန်စွာ ပျောက်ကွယ်နေပြီး ရေရှည် အနာဂတ်တွင် မြို့ပြနေလူတို့ကို ပြဿနာ များ ပြန်ပေးနိုင်ခြေ ရှိနေသည်။

ထိုကြောင့်ပင် ခေတ်မီသော ကမ္ဘာ့ နိုင်ငံအသီးသီးတွင် ရေတိမ်တော၊ ရေစိမ့် တောများကို မြို့ပြတွင် မရှိမဖြစ် အရေး ကြီးသော အခြေခံရေးရာ တစ်ခု အဖြစ်ထားရှိ စီမံလာကြပြီဖြစ်သည်။ ဒီဇိုင်း ဆင်လာကြပြီဖြစ်သည်။ ရေတိမ်တော၊ ရေစိမ့်တောများက ပေးသော တန်ဖိုး ပေါင်းများစွာ ရှိသည်။ အထူးအရေးကြီး သော လုပ်ဆောင်ပေးမှုများမှာ ရေကြီးမှု ကို ကာကွယ်ပေးခြင်း၊ ရေအရင်းအမြစ် နှင့် အရည်အသွေး ကောင်းစေခြင်း၊ သတ္တဝါမျိုးစုံနေထိုင်ရန် စားကျက်အိမ် လည်းဖြစ်ခြင်း၊ သဘာ၀ဝန်းကျင်ကို လေ့လာခံစားနိုင်သော ပညာရေး၊ အပန်း ဖြေအနားယူခြင်းတို့အတွက် အထောက် အကူဖြစ်ခြင်းတို့ ဖြစ်သည်။

ရေကြီးမှု ကာကွယ်ပေးခြင်း

ရေတိမ်တောသည် ရုတ်တရက် ရေကြီး ရေလျှံမှုကို ကာကွယ်ပေးသည်။ ရေတိမ်တော၊ စိမ့်တောမြေကြီးနှင့် အပင် တို့မှာ မိုးသည်းထန်စွာ ရွာသွန်းစဉ် ရေကို စုပ်ယူထားပေးပြီး နောင်တွင် တဖြည်းဖြည်း ပြန်လွှတ်ထုတ်ပေးသည်။ အပင်နှင့် မြေကြီးသည် ဖော့တုံးကဲ့သို့ ကျင့်ပြီး ရေကြီးမှုကို ကာကွယ်ပေးသည့် အပြင် ရေအရည်အသွေးကိုလည်း ကောင်းမွန်စေသည်။

ရေကြီးရေလျှံမှုမှ ကာကွယ်ခြင်းမှာ မြို့ပြတွင်အရေးတကြီး ဖြေရှင်းရမည့် ပြဿနာ ဖြစ်လာရာ ရေတိမ်တော၊ ရေစိမ့်နိုင်ရန်နေရာများကို ကာကွယ်ထား ရှိခြင်းအားဖြင့် မည်သို့ မြို့ပြဒီဇိုင်း ဆင်မည်ကို အလေးထားလာကြပြီ ဖြစ် သည်။ မိုးရေစိမ့်ဝင်နိုင်သော ပန်းခြံ ဥယျာဉ်များ၊ ပန်းမန်များဖြင့် အလှဆင် ထားသော ရေစိမ့်မြောင်းများ၊ ကန်ငယ် များကို မြို့ပြ စီမံခန့်ခွဲမှုတွင် အလေး ထား ထည့်သွင်းလာကြပြီ ဖြစ်သည်။

ရေစိမ့်တော၊ ရေတိမ်တောတို့မှာ မြို့ပြ ရေဆိုင်ရာပြဿနာများကို လူစီမံ စရာမလိုဘဲ အလိုအလျောက် ဖြေရှင်း ပေးနိုင်သော သဘာ၀ယန္တရား တစ်ခု အဖြစ် အသုံးချလာကြပြီ ဖြစ်သည်။

အပူသက်သာစေ၊ လေထုအရည်အသွေး ပိုကောင်းစေခြင်း

ရေစိမ့်တော၊ ရေတိမ်တောများ ရှိခြင်းကြောင့် ရေငွေ့ပြန်သည့် စနစ် လုပ်ငန်းစဉ် တစ်ရပ်ရှိလာပြီး မြို့ပြ ကျေးရွာများတွင် အပူသက်သာစေသည်။ ယင်းအပြင် ရေတိမ်တောများအတွင်းမှ အပင်၊ ပန်းမန်နှင့် မြေကြီးတို့မှာ လေထု အတွင်းမှ ညစ်ညမ်းမှု၊ အဆိပ်ငွေ့များကို ဖမ်းစုပ်ယူထားပေးသည်။ ထိုသို့ဖြင့် သဘာ၀ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ဖြစ်လာသည့် ကျန်းမာရေး ပြဿနာများ ကို ကူညီဖြေရှင်းပေးနိုင်သည်။

တရုတ်နိုင်ငံ လန်ဇုန်းမြို့တွင် ရေ တိမ်တောနှင့် သစ်တောဧရိယာ ၂၇၈၉ ဟက်တာ (ဧက ၇၀၀၀ နီးပါး) ထည့် သွင်းထားသည်။ ယင်းသစ်တောနှင့် ရေတိမ်တောတို့ကြောင့် အပူသက်သာ ခြင်း၊ ရေထုအရည်အသွေး ပိုမိုကောင်း မွန်ခြင်းတို့ ဖြစ်လာပြီး ငွေကြေး တန်ဖိုး အားဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၄ သန်းခန့်ရှိသည်ဟု ဆိုလေသည်။

အကောင်ပလောင်တို့ နေရာ

ရေတိမ်တောမှာ ဇီ၀မျိုးစုံမျိုးကွဲ ပေါင်းများစွာ ခိုအောင်းနားခိုကျက်စား နိုင်သော အိမ်ကြီးသဖွယ်ဖြစ်သည်။ ယင်း မှာ သဘာ၀ပတ်ဝန်းကျင်ကို ပိုမိုငြိမ်းချမ်း စိုပြည်စေရုံသာမက လူအများ အနားယူ အပန်းဖြေစရာလည်း ဖြစ်လာစေသည်။

ရေအိုင်ချောင်းမြောင်းများအတွင်း သွားလာနေသော ငါးများကို ခံစားနိုင် သည်။ အနားယူ ရေသောက်နေသောငှက် များ၊ ငါးဖမ်းနေသော ငှက်များ၊ တေးဆို နေသည်ကို ကြည့်ရှုခံစားနိုင်သည်။ လေ ယူရာ ယိမ်းနေသော သစ်ရွက်သစ်ခက် များကို ခံစားနိုင်သည်။ ရေစီးသံများကို နားထောင်နိုင်သည်။

တောပိုကောင်းသော ရေတိမ်တော များတွင် ဆိုပါက ထိုထက်များပြားသော (ဥပမာ ရှဉ့် ကဲ့သို့သော) အကောင်ငယ်များကိုပင် ခံစားနိုင်သည်။

အစားအစာအတွက် အရေးကြီးခြင်း

မြို့အလယ်မှာ လယ်ကွင်းကြီးတွေ က မြင်မကောင်းဟု အချို့ကတော့ ထင်မြင်ကောင်း ထင်မြင်ပေလိမ့်မည်။ သို့သော် ယင်းတို့မှာ မြို့ပြအတွက် အထက်ဖော်ပြပါ ရေတိမ်တော အလုပ် များကို လုပ်ဆောင်ပေးရုံသာမက အစား အသောက် ဖူလုံရေးအတွက်လည်း အရေးပါလှသည်။ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင်မူ ၉၀ ရာခိုင်နှုန်းသော ရေတိမ်ဒေသဧရိယာမှာ လယ်ကွင်းကြီး များ ဖြစ်သည်။

ယင်းမှ ဆန်စပါးတို့အပြင် ဟင်းသီး ဟင်းရွက်၊ သားငါးနှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရေးအတွက် လွန်စွာအရေးကြီး သည်။ ငါးဖမ်းခြင်း၊ သဘာ၀အတိုင်း ပေါက်ရောက်နေသော အပင်များ၊ အသီးအရွက်များ ခူးဆွတ်ခြင်း ကဲ့သို့သော လုပ်ငန်းများ ရေတိမ်တောများတွင် လုပ်ဆောင်နိုင်သည်။

ယင်းအပြင် အချို့သော နေရာများ တွင် ရေတိမ်တောမှာ ကျွဲနွား စားကျက်၊ စိုက်ပျိုးရေးအတွက် ရေထုတ်ယူသုံးစွဲရန် နေရာ တို့လည်း ဖြစ်နေတတ်သေးသည်။

အနားယူ အပန်းဖြေရာ နေရာ

လူတို့ အတွက် အနားယူအပန်းဖြေ ရန် နေရာပေးခြင်းမှာ ရေတိမ်ဒေသ^ရေ တိမ်တော အတွက် အရေးကြီးသော ကိစ္စတစ်ရပ်ဖြစ်သည်။ မည်သို့သော ရေတိမ်ဒေသ အမျိုးအစားဖြစ်စေကာမူ လူတန်းစားပေါင်းစုံအတွက် အနားယူ အပန်းဖြေစရာများ သဘာ၀အလျောက် ဖန်တီးပေးသည်။ ကလေးများအတွက် ကစားကွင်းဖြစ်သလို လူကြီးများအတွက် အနားယူ လမ်းလျှောက် လေ့ကျင့်ခန်း လုပ်ရာ နေရာ၊ လေကောင်း လေသန့် ရှူရာနေရာ လည်း ဖြစ်သည်။

မြို့ပြ အဓိက ပြဿနာများကို သဘာ၀အလျောက် ဖြေရှင်းပေးနိုင် သည့် ရေတိမ်ဒေသများကို သဘာ၀ အတိုင်း ထိန်းသိမ်းထားရင်းဖြင့်ပင် လူတို့ အနားယူ အပန်းဖြေ လမ်းလျှောက် ရာ နေရာအဖြစ်လည်း အချို့သော မြို့ပြစီမံကိန်းများတွင် ဒီဇိုင်းဆင်ထားသည်။

ထိုကြောင့် အချုပ်အားဖြင့် ဆိုရသော် ဖုန်းဆိုးမြေ၊ မြက်တော၊ ရွံ့မြေကဲ့သို့သော အရိုင်းမြေ၊ လယ်ကွင်းကြီးမှာ အသုံး မဝင်သော ပစ်မြေ မဟုတ်ဘဲ သဘာ၀ နည်းအားဖြင့် မြို့ပြရောဂါများကို ဖြေရှင်း ပေးနေသော ဒေသများ၊ လူတို့အတွက် အဖိုးမဖြတ်နိုင်သော လုပ်ဆောင်မှုများ ထုတ်လုပ်ပေးနေသော နေရာများ ဖြစ်သည်။

အစားပြန်မရနိုင်တော့သော ရေတိမ် တော၏ တန်ဖိုးများကို မြို့ရွာများ ချဲ့ထွင် ရာတွင် ထည့်သွင်းစဉ်းစား စီမံဒီဇိုင်းဆင် နိုင်ရေး သတိချပ်နိုင်ရန် ဖော်ပြအပ်ပါ သည်။

Dawei Watch