ထားဝယ်ခရိုင်တွင် ကန်ထရိုက် လယ်ယာစနစ် စလုပ်မည်

0
599

ထားဝယ်ခရိုင်တွင် ကန်ထရိုက် လယ်ယာစနစ်ကို ၂၀၂၀ ပြည့်နှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန ထံမှ သိရသည်။

ကန်ထရိုက်လယ်ယာစနစ်ဆိုသည် မှာ ကုမ္ပဏီအဖွဲ့အစည်းဖြင့်လည်းကောင်း၊ လယ်သမားအချင်းချင်း စုပေါင်းပြီး ပုဂ္ဂလိက ပုံစံဖြင့်လည်းကောင်း အကျိုးတူ ပူးပေါင်းကာ စပါးစိုက်ပျိုးဆောင်ရွက်ခြင်းဖြစ်ကြောင်း အထက်ပါဌာန ဒုတိုင်းဦးစီးမှူး ဦးစန်းလွင်က ပြောသည်။

ကန်ထရိုက်လယ်ယာစနစ်ကို လုပ် ဆောင်မည့်အဖွဲ့သည် တောင်သူများ အတွက် မျိုးကောင်း၊ မျိုးသန့်စပါးကဲ့သို့ သော သွင်းအားစုများနှင့် စိုက်ပျိုးရေးနည်းပညာကို ထောက်ပံ့ပေးရမည်ဖြစ်ပြီး ထွက်ရှိလာသည့် စပါးကို ယင်း အဖွဲ့ထံ တွင်ပင် နှစ်ဦးသဘောတူထားသည့် ဈေးနှုန်းဖြင့် လယ်သမားများက ရောင်းချ ရမည် ဖြစ်သည်။

လက်ရှိတွင် ကန်ထရိုက်လယ်ယာ စနစ် ဆောင်ရွက်နိုင်ရန်အတွက် ထားဝယ် ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ တောင်သူများနှင့် မဟာထားဝယ်ကုမ္ပဏီတို့ တွေ့ဆုံဆွေးနွေးမှုတစ်ကြိမ်လုပ် ဆောင်ထားပြီးဖြစ်ကြောင်း ဦးစန်းလွင်က ပြောသည်။

“သရက်ချောင်းမှာတော့ ဧကတစ်ရာ ကို ပေါ်ဆန်းယဉ် စိုက်မယ်ပေါ့။ ဒါလေး အောင်မြင်သွားရင်တော့ အခြားနေရာ တွေ ဆက်လုပ်သွားမှာပေါ့”ဟု ၎င်းက ဆိုသည်။

ကန်ထရိုက် လယ်ယာစနစ် လုပ် ဆောင်ရာတွင် အကျိုးတူလုပ်ဆောင် သည့် ကုမ္ပဏီနှင့် လယ်သမားများအကြား လိုက်နာရမည့် စည်းကမ်းချက်များကို တိတိကျကျ သတ်မှတ်ပေးပြီး ယင်း စည်းကမ်းချက်များကို လိုက်နာအောင် ကြပ်မတ်နိုင်ပါက ကန်ထရိုက်လယ်ယာ စနစ်ကို နှစ်သက်ကြောင်း လယ်သမား အချို့က ပြောသည်။

“ကန်ထရိုက်မပေးခင်ကတည်းက လုပ်ရမယ့် စည်းကမ်းတွေကိုပေါ့။ သတ် မှတ်ထားပေးဖို့ လိုတယ်။ သတ်မှတ် ထားတဲ့ စည်းကမ်းကိုလည်း နှစ်ဘက်စလုံးက လိုက်နာရဲ့လားဆိုတာ အစိုးရက နေပြီး ဒိုင်သဘောမျိုး စောင့်ကြည့်ပေး နေရမှာ”ဟု လောင်းလုံးမြို့နယ် ရေဖြူ ကျေးရွာမှ လယ်သမား ဦးမောင်ဝင်းက ပြောသည်။

စိုက်ပျိုးရေးဦးစီးဌာနသည် ကန်ထရိုက်လယ်ယာစနစ်အကောင်အထည် ဖော်ရာတွင် လယ်သမားနှင့် ကုမ္ပဏီတို့ လိုက်နာရမည်အချက်များ၊ ဌာနဆိုင်ရာ တို့က လုပ်ဆောင်ရမည့်အချက်များ စသည်ဖြင့် အချက် ၃၀ ပါသည့် ညွှန်ကြားချက်ကို ဇန်နဝါရီလ ၃၁ ရက် က ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းတွင် ထားဝယ်နှင့် မြိတ်ခရိုင်သည် စပါးကို အဓိကစိုက်ပျိုး သည့် ဒေသဖြစ်ပြီး စုစုပေါင်း စပါး စိုက်ဧက နှစ်သိန်းသုံးသောင်းကျော်ရှိကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

ကန်ထရိုက်လယ်ယာစနစ်ကို ယခု နှစ်မှ ထားဝယ်ခရိုင်တွင် စတင်လုပ် ဆောင်ခြင်းဖြစ်သော်လည်း မြိတ်ခရိုင် တွင် ယခင်ကတည်းက လုပ်ဆောင် နေပြီဖြစ်ကြောင်း ဦးစန်းလွင်က ပြောသည်။

ကျော်သူစိုး