ယတြာချေပေးမည်ဆိုပြီး လက္ခဏာဆရာဆိုသူက ကျောင်းသူ ၃ ဦးကို အဓမ္မပြုကျင့်‌

0
708

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ကံနိမ့်နေ၍ ယတြာချေပေးမည်ဆိုပြီး လက္ခဏာဆရာ သီဟအောင် (ခ) သီဟ ဆိုသူက သတ္တမတန်းကျောင်းသူ ၃ ဦး ကို အလှည့်ကျ အဓမ္မပြုကျင့်ခဲ့ကြောင်း သံဖြူဇရပ်မြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မုဒုံမြို့နယ် ရောင်းဒေါင်း ကျေးရွာ အရှေ့ပိုင်းနေသူ လက္ခဏာ ဆရာ သီဟအောင် (ခ) သီဟ အသက် ၂၈ နှစ်သည် ၎င်း၏ ရည်စားဖြစ်သူ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာနေ ဒေါ်အေးမြင့် ၃၈ နှစ်ဆိုသူအား ကံနိမ့်နေ ၍ ယတြာချေရမည်ဟုဆိုကာ အပတ်စဉ် စနေနေ့တိုင်း မိန်းကလေးငယ် ၁ ဦးကို ၎င်းထံ ၇ ပတ်တိုင်တိုင် ခေါ်လာရမည်ဟု ခိုင်းစေခဲ့ရာမှ ယခုကဲ့သို့ ကျောင်းသူ ၃ ဦး အဓမ္မပြုကျင့်ခံရခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ ကျောင်းသူများကို ခေါ်၍ အဓမ္မပြုကျင့်လျက်ရှိရာ ၄ ယောက်မြောက် တွင် ကာယကံရှင် မိန်းကလေးက စိုးရိမ်သဖြင့် ၎င်း၏ မိခင်ဖြစ်သူအား ပြောရာမှ ထိုအမှု ပေါ်လာခြင်းဖြစ် ကြောင်း သံဖြူဇရပ်မြို့ခံ ကိုမင်းလတ်က ပြောသည်။

ရဲမှတ်တမ်းအရ ဒေါ်အေးမြင့်မှ ၎င်း ၏ တူမတော်စပ်သူ အသက် ၁၂ နှစ် အရွယ် သတ္တမတန်း ကျောင်းသူကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက မုဒုံမြို့ ကန်ကြီးတွင် ယတြာချေရန်ဆိုပြီး ခေါ်သွားရာမှ မုဒုံမြို့ မဟာနန္ဒာတည်းခိုခန်း အခန်းနံပါတ် (၃) သို့ ခေါ်ဆောင်သွားခဲ့ကာ အသင့် ရောက်ရှိနေသော လက္ခဏာဆရာဆိုသူနှင့် ထားခဲ့ကြောင်း သိရသည်။

လက္ခဏာဆရာဆိုသူမှ ကျောင်း သူအား ကံနိမ့်နေသဖြင့် ၎င်းနှင့်အတူ အိပ်ရမည်ဟုဆိုကာ သားမယားအဖြစ် ၁ ကြိမ်ပြုကျင့်ခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက် တွင်လည်း ယတြာထပ်ချေရမည်ဆိုပြီး သံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင်း ကျေးရွာရှိ မြတ်မိခင်တည်းခိုခန်း အခန်း နံပါတ် ၃၀၄ သို့ ခေါ်ဆောင်သွားကာ လက္ခဏာဆရာဆိုသူမှ သားမယားအဖြစ် ၁ ကြိမ် ထပ်မံပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ထို့နောက် အထက်ပါကျောင်းသူနှင့် တစ်ကျောင်းတည်းနေ အသက် ၁၃ နှစ် အရွယ် ကျောင်းသူတစ်ဦးကိုလည်း ဒေါ်အေးမြင့်မှ ယတြာချေရန်ဆိုပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၄ ရက်က ခေါ်ဆောင် သွားခဲ့ပြီး မြတ်မိခင်တည်းခိုခန်းတွင် လက္ခဏာဆရာ ဆိုသူနှင့်ထားခဲ့ကာ လက္ခဏာဆရာမှ သားမယားအဖြစ် ၂ ကြိမ် ပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြပါရှိသည်။

ထို့အတူ ဇန်နဝါရီလ ၂၅ ရက် ကလည်း တစ်ခန်းတည်းကျောင်းအတူ တက်နေသူ အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦးကို မြတ်မိခင်တည်းခိုခန်းတွင် လက္ခဏာဆရာဆိုသူမှ သား မယား ၁ ကြိမ်ပြုကျင့်မှုဖြစ်ပွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ရေးသားထားသည်။

“အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေး ၃ ဦးကနေ လက္ခဏာဆရာဆိုသူ သီဟအောင် (ခ) သီဟနဲ့ ဒေါ်အေးမြင့်တို့ ကို ဇန်နဝါရီ ၃၀ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့တယ်။ အဲနှစ်ဦးကို ဖေဖော်ဝါရီ ၅ ရက်နေ့က ရုံးထုတ်ရမန်ယူခဲ့တယ်”ဟု သံဖြူဇရပ်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လက္ခဏာဆရာဆိုသူ သီဟအောင် (ခ) သီဟနှင့် ဒေါ်အေးမြင့်တို့ နှစ်ဦးကို အဓမ္မပြုကျင့်ခံရသူ ကျောင်းသူတစ်ဦး ချင်းစီမှ သံဖြူဇရပ်မြို့မရဲစခန်းတွင် (ပ)၁၃၄/၂၀၂၀ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆/၃၆၃/၁၁၄ တို့ဖြင့် အသီးသီး အမှုဖွင့်ထားကာ စစ်ဆေးဆောင်ရွက် လျက်ရှိသည်ဟု သံဖြူဇရပ်မြို့မ ရဲစခန်း မှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော် မတီထံလည်း တိုင်ကြားထားသည်ဟု ကော်မတီ ဥက္ကဋ္ဌ ၊ မွန်ပြည်နယ်လွှတ်တော် သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

Dawei Watch