မော်တော်ယာဉ်ဖမ်းမိက တရားစွဲရန် ခြောက်လအထိ ကြာ

0
1718
ဓာတ်ပုံ - ဝေယံစိုး

ထားဝယ်ဒေသတွင် ဦးထုပ် မဆောင်းခြင်း၊ ယာဉ်မောင်းလိုင်စင်မရှိခြင်း အစရှိသည့် စည်းကမ်းပျက်ယာဉ် များကို ဖမ်းဆီးရာတွင် စတင်ဖမ်းဆီး ချိန်မှ တရားစွဲသည့်အချိန်အထိ အချိန် ခြောက်လခန့်ကြာမြင့်နေ သည့်အပေါ် ပြည်သူများအကြား ပြောဆိုဝေဖန်လျက်ရှိသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလဆန်း ပိုင်းတွင် ဖမ်းမိသည့် စည်းပျက်ယာဉ်ကို တရားစွဲဆိုရန် ဇွန်လမှသာ ပြန်လည် ချိန်းဆိုသည်အထိ ကြာမြင့်နေခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းမိသည့် ဦးထုပ်မဆောင်းသည့် ဆိုင်ကယ်အမှုကို ဇွန်လ ၁၁ ရက်တွင် တရားရင်ဆိုင်ရန် ချိန်းဆိုခဲ့သည်အထိ ကြန့်ကြာနေသည်။

ယင်းကဲ့သို့ အချိန်ကာလကွာဟ လွန်းနေခြင်းက အဖမ်းခံရသူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသကဲ့သို့ နယ်ဒေသတွင် နေထိုင်သူများအတွက်လည်း အဆင်မပြေကြောင်း ပြီးခဲ့သည့် သုံးလခန့်က ဆိုင်ကယ်စီးဦးထုပ်မဆောင်း သည့်အတွက် အဖမ်းခံရဖူးသည့် အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“ဖမ်းတာလည်း ဖမ်းပေါ့။ ဒါပေမဲ့ တရားရုံးကို ပြန်ချိန်းတဲ့ရက်က အရမ်း ကြာလွန်းနေတယ်”ဟု အထက်ပါ အမျိုးသား က ပြောသည်။

အမှတ် ၇၄ ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူးခင်မောင်အေးကမူ ထားဝယ်ဒေသ တွင် တစ်ရက်လျှင် စည်းပျက်ယာဉ် အစီးရေ ၂၀ နှင့် ၃၀ ကြားအထိ ဖမ်းဆီး ပြီး နောက်တစ်ရက်တွင်ပင် ချလံရေးကာ ရဲစခန်းသို့ စေလွှတ်နေသည်ဟု ဆိုသည်။

“ဒီနေ့ဖမ်းတယ်။ မနက်ဖြန်ယာဉ် ထိန်းရုံးကို လာဖို့ချိန်းလိုက်တယ်လေ။ အဲလူရောက်လာပြီဆိုတာနဲ့ သူတို့ကို တရားစွဲတင်ဖို့ ချလံနဲ့ ရဲစခန်းကို စေလွှတ်တယ်”ဟု ဒုရဲမှူးခင်မောင်အေးက ပြောသည်။

ထားဝယ်မြို့နယ်တရားရုံးတွင် လည်း မော်တော်ယာဉ်အမှု အရေအတွက် မည်မျှသာ တရားစွဲတင်ရမည်ဟု သတ် မှတ်ထားခြင်းမရှိကြောင်း မြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဒေါ်မြင့်မြင့်စန်းက ဆိုသည်။

“တရားရုံးအနေဖြင့် တစ်ရက်လျှင် မော်တော်ယာဉ်ဥပဒေဖြင့် စွဲဆိုရမည့် အမှု မည်မျှသာစွဲဆိုရမည်ဟု သတ်မှတ် ထားတာ မရှိပါဘူး”ဟု ဒေါ်မြင့်မြင့်စန်းက ပြောသည်။

ယင်းအပြင် ရဲစခန်းမှ စွဲတင်လာ သည့် မော်တော်ယာဉ်အမှုများကို နေ့ချင်း ပြီး စစ်ဆေးစီရင်ကာ အမိန့်ချနေကြောင်း ၎င်းက ဆိုသည်။

ထားဝယ်မြို့မရဲစခန်းက ထားဝယ် မြို့နယ်တရားရုံးသို့ မော်တော်ယာဉ် ဥပဒေဖြင့် စွဲဆိုသည့်အမှု တစ်ရက်လျှင် ပျမ်းမျှ ၂၀ နဲ့ ၃၀ ကြားရှိကြောင်း အထက်ပါ တရားရုံးထံမှ သိရသည်။

မော်တော်ယာဉ်အမှုမှာ ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ ရဲအရေးပိုင် သည့် အမှုအဖြစ် သတ်မှတ်ထားသည့် အတွက် တရားစွဲတင်ရန်အတွက် အမှုဖွင့်ရာတွင် အခြားအမှုကြီးများနည်းတူ အမှုတွဲတည်ဆောက်ခြင်း၊ ပထမသတင်း ပေးတိုင်ချက် ရေးဖွင့်ခြင်း၊ တရားလို စစ်ခံချက်၊ တရားခံစစ်ခံချက် အစရှိသည့် စာရွက်စာတမ်းများရေးသွင်းရသည့် အတွက် အမှုများ ကြန့်ကြာနေကြောင်း ထားဝယ်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုး က ဆိုသည်။

ယခင်နှစ်များက တစ်ရက်လျှင် မော်တော်ယာဉ်အမှု ၁၀ မှုခန့်သာ အမှုဖွင့်ရပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က စကာ တစ်ရက်လျှင်ပျမ်းမျှအမှုပေါင်း ၄၀ မှ အများဆုံး ၇၀ ခန့်အထိအမှုဖွင့်လာ ဖွင့်ကြောင်း ၎င်းက ပြောသည်။

မော်တော်ယာဉ်ဥပဒေအရ စည်းပျက် ယာဉ်များကို ယာဉ်ထိန်းရဲကဖမ်းဆီးပြီး နောက် မြို့မရဲစခန်းတွင် အမှုဖွင့်ကာ မှုခင်းမှတ်တမ်းဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ စသည့် အဆင့်ဆင့် က လက်မှတ်ရေးထိုးစိစစ်ပြီးမှ တရားရုံး သို့ တရားစွဲတင်ကာ ဒဏ်ငွေတပ်ရိုက် ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အမှုလက်ကျန်တွေ ပြတ်သွားအောင် ပိတ်ရက်တွေမှာလည်း အမှုဖွင့် နေရတယ်”ဟု ဒုရဲမှူးအောင်နိုင်မိုးက ဆိုသည်။

တနင်္သာရီတိုင်းတွင် စည်းပျက်ယာဉ် များကို နှစ်စဉ်အရှိန်မြှင့်ဖမ်းဆီးနေ သကဲ့သို့ ယာဉ်တိုက်မှုလည်း နှစ်စဉ်မြင့် တက်နေခဲ့သည်။

ကိုဇော်