“တနင်္သာရီတိုင်းက မြို့အားလုံး အာဆီယံသန့်ရှင်းဆုရအောင် လုပ်ပေးပါ”

0
467

အမှိုက်နှင့် သန့်ရှင်းရေးကိစ္စ တိုင်းအစိုးရ ဥပဒေပြဋ္ဌာန်းချက်အတိုင်း မလုပ်နိုင်သေး

တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဥပဒေကို တိုင်းအစိုးရက ၂၀၁၈ ဧပြီလတွင် ထုတ်ပြန်ခဲ့သည်။

ထိုနည်းဥပဒေတွင် မြို့နယ်စည်ပင် သာယာရေး နယ်နိမိတ်အတွင်း အမှိုက် များကို အမျိုးအစား ၄ မျိုးခွဲ၍ စနစ် တကျ စွန့်ပစ်ခြင်း၊ သိမ်းဆည်းခြင်း၊ အမှိုက်ကျင်းတွင် စွန့်ပစ်ခြင်းတို့ ပြုလုပ် ရမည်ဟု ပါဝင်သည်။

မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်ဆိုသည်မှာ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းသို့ ယခုနှစ် နောက်ဆုံး ထား သွတ်သွင်းသွားသည့် ကျေးရွာများပါ ပါဝင်သည်။

အမှိုက် အမျိုးအစား ၄ မျိုးခွဲ၍ အထုပ်ဖြင့် စွန့်ပစ်ခြင်းကို ပထမအဆင့် အနေနှင့် ဟိုတယ်၊ စားသောက်ဆိုင်၊ ကွန်ဒို၊ ပြင်ပကျောင်း၊ ဆေးရုံတို့တွင် တိကျစွာလိုက်နာဆောင်ရွက်စေမည်ဖြစ် ပြီး ယင်းသို့မလုပ်က သယ်ယူခြင်းပြုမည် မဟုတ်ကြောင်း သတိပေးစာကပ်ထားခဲ့ ရမည်ဟု ထိုနည်းဥပဒေတွင် ပါဝင်သည်။

အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်သိမ်း ခြင်းတွင်လည်း ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရန်နှင့် အများပြည်သူတို့၏ ကျန်းမာရေး မထိခိုက်စေရန် သင့်လျော် သော နည်းစနစ်များ အသုံးပြု၍ စီမံ ဆောင်ရွက်နိုင်သည်ဟု ပါရှိပြီး လိုအပ်ပါက စည်ပင်ဝန်ကြီးက အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ရမည်ဟု နည်းဥပဒေတွင် ပါရှိသည်။

ထိုနည်းဥပဒေ ပြဋ္ဌာန်းပြီး ၂ နှစ် နီးပါး ကြာလာသည့် ယခုအချိန်တွင် တိုင်းအစိုးရအနေဖြင့် ယင်းနည်းဥပဒေ အတိုင်း လုပ်/မလုပ် လွှတ်တော်တွင် မေးခွန်းထုတ်လာသည်။

“နည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန် တိုင်းဒေသကြီး အစိုးရက မည်သို့ ဆောင်ရွက်နေသနည်း၊ မည်သည့် အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်ထားသနည်း”ဟု ဇန်နဝါရီလ ၃၁ ရက်တွင် ကျင်းပသည့် တိုင်းလွှတ် တော်အစည်းအဝေးတွင် ကျွန်းစုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က မေးခွန်း ထုတ်သည်။

စည်ပင်နယ်နိမိတ်ပါ ကျေးရွာ အားလုံးမဆိုထားနှင့်။ အာဆီယံတွင် သန့်ရှင်းသောမြို့ဆုရ ထားဝယ် မြို့ပေါ် တွင်ပင် လမ်းမကြီးပေါ်တွင်ပင် အမှိုက်ပုံး မလုံလောက်သဖြင့် အမှိုက်ပုံးဘေးတွင် အမှိုက်အိတ်ငယ်များ မြင်မကောင်းအောင် စုပုံထားပုံ၊ ခွေးဆွဲ၍ အမှိုက်များ ရွံရှာဖွယ် ပြန့်ကျဲနေပုံ၊ အမှိုက်သိမ်းယာဉ် အမှိုက် သိမ်းကားများ အင်္ဂါရပ်မညီပုံတို့ကို ဓာတ်ပုံအထောက်အထားများဖြင့် အစိုးရ အဖွဲ့ကို ပြသခဲ့သည်။

“အမှိုက်ကားတွေ သိမ်းဆည်းတဲ့ အခါမှာ တော်တော်ကို ဆိုးဝါးတဲ့ အနံ့ အသက်ကို ခံနေကြရပါတယ်။ ပြည်သူတွေရဲ့ လေထဲမှာရှိနေတဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေကို ရှုရှိုက်ရမယ်ဆိုရင် ပြည်သူတွေရဲ့ ကျန်းမာရေး ထိခိုက်မှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။ ဒီဥပဒေမှာ လည်း ပါပြီးပြီဆိုတော့ ဒီကိစ္စကိုလည်း သေချာကိုင်တွယ် ဖြေရှင်းပေးစေလိုပါတယ်”ဟု ဒေါက်တာထူးနေအောင်က လွှတ်တော်တွင် ပြောခဲ့သည်။

စည်ပင်သာယာရေးသည် ပြည် ထောင်စု၏ စီမံအုပ်ချုပ်မှုအောက်တွင် မဟုတ်ဘဲ တိုင်းဒေသကြီးအစိုးရ၏ စီမံ ခန့်ခွဲမှုအောက်မှာ တိုက်ရိုက်ရှိသည့် အတွက် တိုင်းအစိုးရက ထိထိမိမိ သေသေ ချာချာ ကြပ်မတ်ဆောင်ရွက်နိုင်သည့် အခင်းအကျင်းဖြစ်ကြောင်း ၎င်းက ထောက်ပြဆွေးနွေးခဲ့သည်။

လိုအပ်သည့်နေရာများတွင် အမှိုက်ပုံးများ ထားရှိကြောင်း၊ အမှိုက်များကို သတ်မှတ်ရက်အတိုင်း သိမ်းဆည်း ကြောင်း၊ ကူးစက်ရောဂါဖြစ်နိုင်သည့် ဆေးရုံ၊ဆေးခန်းသုံး ပစ္စည်းများကို လုံခြုံစွာထုပ်ပိုးစွန့်ပစ်ရန် ဆောင်ရွက် နေပြီး အမှိုက်ကျင်းများတူး၍ အမှိုက် အမျိုးအစားခွဲ မီးရှို့ဖျက်ဆီးကြောင်း လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ဖြေဆိုခဲ့သည်။

လမ်းသွားလမ်းလာများ အမှိုက်များ အလွယ်တကူ စွန့်ပစ်နိုင်ရန် အမှိုက်ပုံး များ ထားရှိပြီး အထက်ပါအချက်များ ကြောင့် တိုင်းသို့ လာရောက်သည့် ခရီးသွားဧည့်သည်များကိုယ်တိုင် သန့်ရှင်း သပ်ရပ်မှုကို အသိအမှတ်ပြုခဲ့ကြောင်း ဦးဟိုပင်က ပြောသည်။

ထို့ပြင် ထားဝယ်မြို့အနေဖြင့် အာဆီယံသန့်ရှင်းဆုရခဲ့ခြင်းမှာ တိုင်း အစိုးရအဖွဲ့၏ အနီးကပ် ကြီးကြပ်လမ်း ညွှန်မှုကြောင့်ဖြစ်ကြောင်း ဖြေဆိုခဲ့သည်။

ဒေါက်တာထူးနေအောင်က ဝန်ကြီး ဖြေဆိုမှု မပြည့်စုံဟု ဆိုကာ အချက် လေးချက် ထပ်မေးခဲ့သည်။

(၁)ဝန်ကြီးအနေဖြင့် လိုအပ်သည့် အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန် ထားခြင်းရှိ/မရှိ။

(၂) မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ကျေးရွာအဆင့်ထိ ၎င်းနည်းဥပဒေပါ ပြဋ္ဌာန်းချက်များ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခြင်း ရှိ/မရှိ။

(၃) နည်းဥပဒေပါ အခြားအချက် များကို အကောင်အထည်ဖော် ဆောင် ရွက်နိုင်ခြင်း ရှိ/မရှိ။

(၄)အမှိုက်အမျိုးအစား လေးမျိုးခွဲ စွန့်ပစ်ခြင်းကို ပထမအဆင့်အနေဖြင့် ဟိုတယ်၊ စားသောက်ဆိုင်၊ ကျောင်း၊ ဆေးရုံ တို့တွင် လုပ်ဆောင်စေထားရာ ဒုတိယအဆင့်၊ တတိယအဆင့်အနေဖြင့် တိုင်းအတွင်း မည်သည့်အချိန် စတင် အကောင်အထည်ဖော်မည် တို့ကို သိလို ကြောင်း မေးခွန်း ထပ်ထုတ်ခဲ့သည်။

“ထားဝယ်မြို့တော်ကြီး အာဆီယံ ကပေးတဲ့ဆုကို ရတာ ကျွန်တော်အနေနဲ့ အင်မတန် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အဲဒါကလည်း တနင်္သာရီတိုင်းအစိုးရ အဖွဲ့ရဲ့ အနီးကပ် ကြီးကြပ်လမ်းညွှန်မှု ကြောင့် အောင်မြင်လာတာ ကျွန်တော့် အနေနဲ့ လေးစားပါတယ်။

ကျန်တဲ့ မြို့ တွေကိုလည်း အဲလိုမျိုး(အာဆီယံ သန့်ရှင်းဆုံး)ဆုတွေရအောင်၊ တနင်္သာရီ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့တွေ အကုန်လုံးကို သန့်ရှင်းဆုရအောင် လုပ်ပေး ဖို့ ကျွန်တော့် အနေနဲ့ မျှော်လင့်ပါတယ်”ဟု ဒေါက်တာ ထူးနေအောင်က တောင်းဆိုသည်။

ဝန်ကြီးက ချက်ချင်း ပြန်မဖြေနိုင် ဘဲ စာဖြင့် ပြန်လည်ဖြေဆိုမည်ဟုသာ ပြန်ဖြေခဲ့သည်။

အမှိုက်သိမ်းယာဉ်များ အင်္ဂါရပ်နှင့် မညီသည့်ကိစ္စကိုမူ လုံး၀ဖြေဆိုသွားခြင်း မရှိပေ။

ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးကော်မတီဝင်အနေနှင့်လည်း အမှိုက် သိမ်းယာဉ်လုပ်ငန်းရှင်လည်း ဖြစ်သည့် ဦးဇော်လေးကမူ အင်္ဂါရပ်နှင့်ညီသည့် အမှိုက်သိမ်းယာဉ်များ ပေါ်ပေါက်လာ ရေး အမှိုက်သိမ်းသူများ လိုလားကြောင်း ပြောသည်။

ပုဂ္ဂလိက အမှိုက်သိမ်းလုပ်ငန်းလုပ် ကိုင်သူများအနေဖြင့် သိန်းထောင်ဂဏန်း တန်ကြေးရှိ အမှိုက်သိမ်းယာဉ်များကို ဝယ်ယူရင်းနှီးမြှုပ်နှံရန်မှာ ရလာမည့် အမြတ်အစွန်းနှင့် မကာမိနိုင်သဖြင့် မည်သူမျှ ရင်းနှီးလိုကြမည် မဟုတ် ကြောင်း ဦးဇော်လေးက ပြောသည်။

အကယ်၍ ရင်းနှီးမည်ဆိုသည့်တိုင် တိုင်းအစိုးရက ကားတင်သွင်းခွင့်ရရေးနှင့် အရင်းနှီးငွေ အချိုးကျ မတည်မှုတို့ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ဦးဇော်လေးက ပြောသည်။

ယင်းကိစ္စ ဝန်ကြီးချုပ်ကို သုံးကြိမ် တိုင်တိုင် တင်ပြပြီးဖြစ်သော်လည်း မထူး ခြားကြောင်း ၎င်းက ပြောသည်။

“ဝန်ကြီးချုပ်က တုပ်တုပ်ကို မလှုပ်ဘူး”ဟု ဦးဇော်လေးက ပြောသည်။

Dawei Watch