ဘိုးဘွားပိုင်မြေဖြစ်က ဟိုတယ်များ စက်မှုမြေငှားဂရန် လျှောက်ရန်မလိုတော့ ဟုဆို

0
531

တနင်္သာရီတိုင်းအတွင်းရှိ ဟိုတယ် လိုင်စင် အသစ်လျှောက်ထားခြင်းနှင့် လိုင်စင်သက်တမ်းတိုးရာတွင် ဘိုးဘွားပိုင် မြေဖြစ်က စက်မှုစီးပွားဂရန် လျှောက်ရန် မလိုတော့ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ဟိုတယ်/ခရီး)ထံမှ သိရသည်။

ယခင်က ဟိုတယ်/ခရီးဌာန လိုင်စင် ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ သက်တမ်းတိုးရာတွင် စက်မှု^စီးပွား မြေငှားဂရန် ပြောင်းလဲကြရန် အထက်ပါ ဌာနက ညွှန်ကြားခဲ့ဖူးသည်။

လက်ရှိတွင် တိုင်းဒေသကြီးခရီးသွား ကော်မတီ၏ ၁/၂၀၂၀ အစည်းအဝေးဆုံး ဖြတ်ချက်အရ ဘိုးဘွားပိုင်မြေများကို စက်မှု^စီးပွားမြေငှားဂရန် ပြောင်းလဲရန် မလိုတော့ကြောင်း အထက်ပါဌာနရှိ ဟိုတယ်^ခရီးသွားလိုင်စင်ဌာနခွဲ တာဝန်ခံ ဦးလေးကြိုင်က ဆိုသည်။

“ဘိုးဘွားပိုင်မြေဟာ လက်ရှိလုပ် ကိုင်နေသူရဲ့ အမည်ပေါက်ဖို့တော့လိုတယ်။ စက်မှုစီးပွားဂရန်လုပ်ဆောင်စရာ မလိုပါဘူး”ဟု ဦးလေးကြိုင်က ပြောသည်။

ဘိုးဘွားပိုင်မြေတွင် အခြားတစ်ဦး ၏ အမည်ပေါက်ဖြစ်နေပါက လက်ရှိ လုပ်ဆောင်သူ၏ အမည်ပြောင်းရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

သို့ရာတွင် အိမ်ရာမြေ၊ ဥယျာဉ်ခြံ မြေများကိုမူ အခြားနည်းအသုံးပြုခွင့် လျှောက်ပြီး စက်မှု/စီးပွားမြေငှားဂရန် လျှောက်ရန် လိုအပ်ကြောင်း ဦးလေးကြိုင်က ပြောသည်။

ဟိုတယ်လုပ်ငန်းရှင်များက ဘိုး ဘွားပိုင်မြေကို စက်မှုမြေငှားဂရန် မပြောင်းချင်ကြသည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့မှုအပေါ် ဝမ်းသာကြောင်း ထားဝယ်မြို့ပေါ်ရှိ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“ကောင်းတာပေါ့။ အခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့ အတူတူဖြစ်သွားတာပေါ့”ဟု အထက်ပါ ဟိုတယ်လုပ်ငန်းရှင်က ပြောသည်။

တနင်္သာရီတိုင်းအတွင်း ဟိုတယ် ခရီးဌာန လိုင်စင်ရှိ ဟိုတယ်/တည်းခို ရိပ်သာ ၄၃ လုံးရှိပြီး ဟိုတယ်အချို့က ဘိုးဘွားပိုင်မြေပေါ်တွင် ဆောက်လုပ် ထားကြသည်။

Dawei Watch