ပြည်သူ့ရှေ့ဆောင်ပါတီ တနင်္သာရီတိုင်းအတွက် ခြေလှမ်းပြင်

0
540

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)သည် လာမည့်ရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းအတွင်း ပါတီဝင်ရရှိရန် နှင့် ရုံးခွဲလာဖွင့်နိုင်ရန်အတွက် ပြင်ဆင် နေကြောင်း ယင်းပါတီရုံးချုပ်မှ ပါတီဝင် ဦးအောင်ခန့်ပိုင်က ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် ဝင်ရောက်အရွေး ချယ်ခံမည်ဖြစ်သော်လည်း တနင်္သာရီ တိုင်းတွင်မူ ကိုယ်စားလှယ်လောင်းရရှိ မှုပေါ်မူတည်ပြီးမှ ဝင်ရောက်ရွေးချယ်ခံနိုင်မည်ဖြစ်ကြောင်း ဦးအောင်ခန့်ပိုင်က ပြောသည်။

“ကိုယ်စားလှယ်ကတော့ အဓိက ပေါ့လေ။ ကိုယ်စားလှယ်ရှိမှ တနင်္သာရီ တိုင်းမှာ ဝင်ပြိုင်လို့ရမှာလေ။ ဘယ်နေ ရာမှာ ဝင်ပြိုင်မယ်၊ မပြိုင်ဘူးဆိုတာတော့ ပါတီလူကြီးတွေက မဆုံးဖြတ်ရသေးဘူး”ဟု ၎င်းက ဆိုသည်။

ပြည်သူ့ရှေ့ဆောင်ပါတီကို ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တစ်ဦးဖြစ်ပြီး လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါ်သက်သက်ခိုင်က ပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည်။

ပါတီသစ်တစ်ခုဖြစ်သည့် သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကလည်း တိုင်းအတွင်း ရုံးခွဲများ လာရောက်ဖွင့်လှစ်ထားပြီး ဖြစ်သည်။

ကျော်သူစိုး