မြိတ်တွင် မြေပြိုဘေး ဇာတ်တိုက် လေ့ကျင့်

0
379
ဓာတ်ပုံ - မြင့်မိုရ်

မြေပြိုဘေးသဏ­္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်မှုတစ်ခုကို မြိတ်မြို့ မြိတ် တောင်နယ်မြေ ဘုရားကိုင်ရပ်ကွက်ရှိ အောင်မြေသုခဘုန်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း မြိတ်ခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုထံမှ သိရသည်။

အောင်မြေသုခကျောင်း၏ တောင် နံရံအနီး ပတ်ဝန်းကျင် နေထိုင်သူနေများ အနေဖြင့် မြေပြိုသည့်ဘေးနှင့် ရင်ဆိုင်ရ သည့်အခါ စနစ်တကျ ပြင်ဆင်ပြောင်းရွှေ့ နိုင်ရန် ရည်ရွယ်ပြီး ဇာတ်တိုက်လေ့ကျင့် ရခြင်းဖြစ်ကြောင်း အထက်ပါ ဌာနလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင် တင်ချိုက ပြောသည်။

အဆိုပါ ဇာတ်တိုက်ပြုလုပ်သည့်နေရာအနီးတွင် ပြီးခဲ့သည့်နှစ်မိုးတွင်း ကာလက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်မြေများပြိုကျမှုဖြစ်ခဲ့ဖူးကြောင်း မြိတ်တောင်နယ်မြေ အုပ်ချုပ်ရေးမှူး ဦးတင်ဇော်က ပြောပြသည်။

ဇာတ်တိုက်လေ့ကျင့်မှုတွင် တောင် မြေများပြိုကျသည်ကို တောင်အနီး ပတ်ဝန်းကျင်နေသူများ အား အော်လံဖြင့် သတိပေးခြင်း၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအား ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ပေးခြင်း၊ တောင်မြေပိနေသည့် လူနာအား အရေးပေါ်ကယ်ဆယ်မှု ပြုလုပ်ခြင်းတို့ ပါဝင်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် မီးသတ်ဦးစီးဌာန၏ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခြင်း၊ ကြက်ခြေနီ တပ်ဖွဲ့မှ ရှေးဦးပြုစုနည်းဖြင့် ကုသခြင်းနှင့် ကျန်းမာရေးဌာနမှ အရေးပေါ်ဆေးပေးခန်းအဖြစ် တာဝန်ယူဆောင်ရွက်ပေး ခြင်းတို့ ပါဝင်ခဲ့သည်။

Dawei Watch