ထားဝယ်အထူးစီးပွားရေးဇုန် အတွက် လိမ်ညာအလုပ်ခေါ်က အရေးယူ မည်ဟုဆို

0
1025

ထားဝယ်အထူးစီးပွားရေးဇုန် အတွက် အလုပ်သမားလိမ်လည်ခေါ်ယူ နေကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေ အရ အရေးယူမည် ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ တာဝန်ရှိသူများက ပြောသည်။

အထူးစီးပွားရေးဇုန်နှင့် ပတ်သက် ၍ လူထုကြားနာပွဲများ ပြုလုပ်ပြီးချိန်များ တွင် ယင်းကဲ့သို့ အလုပ်အကိုင် ခေါ်ယူ သည်ဟုဆိုကာ လိမ်လည်ခေါ်ယူမှုအချို့ ရှိခဲ့ဖူးသည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန်အလုပ်ခေါ်နေသည်ဆိုသူများကို စုံစမ်း နေပြီး ထိထိရောက်ရောက် အရေးယူ နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်နှင့် အထူးစီးပွားရေးဇုန် OSS အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဝင်း က ဆိုသည်။

“မည်သည့် တစ်ဦးတစ်ယောက်ကို မှ အေးဂျင့်ခေါ်ထားခြင်း လုံး၀မရှိပါဘူး။ ITD အနေနဲ့လည်းမရှိကြောင်း အသိပေး ပြောကြား လိုပါတယ်ခင်ဗျား”ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် ပြည်သူ့ကြားနာပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့က ထားဝယ်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကလည်း ထိုင်းကုမ္ပဏီတစ်ခုက အလုပ်ကြမ်း သမားခေါ်ခိုင်းသည်ဟုဆိုကာ လူမှုကွန်ရက် ဖေ့ဘုတ် ပေါ်တွင်ကြော်ငြာကာ အလုပ် လျှောက်လွှာများ လက်ခံခဲ့ဖူးသည်။

အမျိုးသား အလုပ်သမားတစ်ဦး လျှင် တစ်ရက်လုပ်အားခ ထိုင်းဘတ်ငွေ ၇၀၀ နှင့် အမျိုးသမီးအလုပ်သမားတစ်ဦးလျှင် တစ်ရက် လုပ်အားခ ဘတ် ၅၀၀ ရမည်ဟု ပြောဆိုမက်လုံးပေးကာ အလုပ် လျှောက်လွှာခေါ်ယူခဲ့ခြင်း ဖြစ်သည်။

အထူးစီးပွားရေးဇုန်အတွက် အလုပ် သမားခေါ်ယူပါက အလုပ်သမား ညွှန်ကြား မှုဦးစီးဌာန၊ အထူးစီးပွားရေးဇုန်၏ One Stop Service တို့မှတစ်ဆင့် တရားဝင် ခေါ်ယူမည်ဖြစ်ကြောင်း ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်းကို ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံကဖော်ဆောင်ရန် ကြိုးပမ်းနေပြီး လက်ရှိတွင် စီးပွားရေးဇုန်နှင့် ထီးခီး နယ်စပ်လမ်းကို အဆင့်မြှင့်ရန် ပြင်ဆင် နေသည်။

Dawei Watch