လော့လော့ပုစွန်မွေးမြူရေးကန် မြေသိမ်းဆည်းမှုကိစ္စ ဒုဝန်ကြီးအဖြေနှင့် မြေပြင်အခြေအနေကွဲလွဲမှုရှိနေ

0
350

မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ အုပ်စု လော့လော့ကျေးရွာရှိ ပုစွန်မွေးမြူရေးကန်အတွက် သိမ်းဆည်းခဲ့ သည့် မြေယာများ ကိစ္စနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဖြေကြားချက်နှင့် မြေပြင်အခြေအနေ ကွဲလွဲနေကြောင်း မြေယာသိမ်းဆည်းခံ လော့လော့ ကျေးရွာနေသူတချို့ထံမှ သိရသည်။

လော့လော့ပုစွန်မွေးမြူရေးကန်ပြု လုပ်သည့် သိမ်းဆည်းမြေများအတွက် မြေအစားထိုးဖော်ထုတ်ရန် ကုန်ကျငွေ များ ပေးအပ်ထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားခဲ့သည်။

“မြေအစားထိုးချထားနိုင်ဖို့ အတွက် မြေဖော်ထုတ်ဖို့ ကျပ်သိန်းတစ်ရာကို မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ မြိတ်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ပေးချေခဲ့ကြောင်း စိစစ်တွေ့ရှိရပါတယ်”ဟု ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေဆိုခဲ့သည်။

ဇန်နဝါရီလ ၃၀ ရက်နေ့က ပြုလုပ် သည့် ဒုတိယအကြိမ် အမျိုးသားလွှတ် တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မြိတ်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝေက ပုစွန်ကန်မြေယာလျော်ကြေး တစ်စုံတစ်ရာ မပေးဘဲ ဗင်းတေ့ကုမ္ပဏီ (Vantage Co.,Ltd) သို့ ရောင်းချထားသည့် ငါးလုပ်ငန်းဦးစီးဌာန၏ ဆောင်ရွက်နေ များနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ ခြင်း ဖြစ်သည်။

သို့သော် မြေယာအသိမ်းဆည်း ခံတောင်သူများမှာ ယနေ့အချိန်အထိ အစားထိုးမြေယာများ ပြန်လည်မရရှိ သေးကြောင်း ပြောဆိုသည်။

“တောင်သူတွေရဲ့ အောက်ခြေက အခြေအနေအထိ လေ့လာပြီးမှ ပြောစေ ချင်တယ်”ဟု လယ်ယာနှင့် ဓနိတောမြေ ၁၂ ဧကခန့် သိမ်းဆည်းခံထားရသူ ဦးတင်ထွန်းက ပြောသည်။

မြေအစားထိုး ဖော်ထုတ်ပေးမှု အခြေအနေကိုလည်း တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဆက်လက် စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုဝန်ကြီးက ဖြေကြားခဲ့သည်။

ပုစွန်မွေးမြူကန်အတွက် မြေယာများသိမ်းဆည်းပြီးနောက် လက်ရှိအချိန်ထိ သက်ဆိုင်ရာဌာနများနှင့် အစိုးရအဖွဲ့တို့မှ မြေပြင်သို့ လာရောက်ကွင်းဆင်း ဆောင်ရွက်မှုများ မရှိသေးကြောင်း ဦးတင်ထွန်းက ပြောပြသည်။

ထို့ပြင် ပုစွန်မွေးမြူရေးလုပ်ငန်းအတွက် တောင်သူများပိုင်ဆိုင်သည့် လယ်ယာဓနိမြေ စုစုပေါင်း ဧက ၂၇၀ ကျော်အား ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက သိမ်းဆည်းစဉ်က တောင်သူများအား စိုက်ပျိုးစရိတ်နစ်နာကြေးအဖြစ် တစ်ဧကလျှင် ကျပ်သုံးသောင်းပေးချေထားကြောင်း ဒုဝန်ကြီး ဦးလှကျော်က ပြောကြားခဲ့သည်။

လော့လော့ကျေးရွာနေ မြေသိမ်း ဆည်းခံတောင်သူတချို့ကမူ ပုစွန်မွေး မြူရေးကန်အတွက် သိမ်းဆည်းစဉ်က တောင်သူပိုင် လယ်ယာ၊ ဥယျာဉ်၊ ဓနိမြေ စုစုပေါင်း ဧက ၄၂၀ ကျော်ခန့် သိမ်းဆည်းခံခဲ့ရကြောင်း ပြောပြသည်။

သိမ်းဆည်းမြေယာများအား ကျပ်ငွေသိန်းပေါင်းသုံးထောင်ကျော်ဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ ဗင်းတေ့ကုမ္ပဏီ အား ရောင်းချခဲ့ပြီး ရရှိငွေများကို ငါးလုပ်ငန်း ဦးစီးဌာန၏ လှည့်ပတ်ရန်ပုံငွေ စာရင်းမှ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန သားငါးဖွံဖြိုးတိုးတက်ရေး လှည့်ပတ်ရန်ပုံငွေစာရင်းကို ၂၀၀၇ ခုနှစ်က ပေးသွင်းခဲ့ကြောင်း ဒုဝန်ကြီးက ဖြေကြားသည်။

Dawei Watch