တိုင်းအတွင်း သဘာ၀ဘေး ဖြစ်ပွားမှု ဆတိုးမြင့်တက်

0
324

တိုင်းအတွင်း သဘာ၀ဘေးဖြစ်ပွားမှု ယခင်နှစ်ထက် ဆတိုးလာကြောင်း တိုင်း ဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းအတွင်း သဘာ၀ဘေးဖြစ်ပွားမှု ၄၉ ကြိမ်ရှိခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တွင် ၁၇၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

၂၀၁၉ မီနီဘတ်ဂျက်ကာလ (ဧပြီ လမှ စက်တင်ဘာလအထိ ၆ လာတာ အတွင်း)တွင် သဘာ၀ဘေးဖြစ်ပွားမှု ၆၆ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅ ဦး နှင့် ဒဏ်ရာရသူ ၃ ဦးရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

အဆိုပါ ဖြစ်ပွားမှုပမာဏသည်လည်း ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ် တစ်နှစ်တာလုံးထက်ပင် ပိုများနေသည်။

“အခုက ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေ ဖြစ်လာတဲ့အတွက် ရေကြီး တယ်။ မိုးကြီးတယ်။ အဓိကတော့ သူက မိုးများတာပေါ့။ မိုးများတဲ့ အခါကျတော့ ရေကြီးတယ်။ ရေကြီးပြီးတဲ့အခါကျတော့ မြေပြိုတာတွေ တောင်ပြိုတာတွေ ဖြစ်တယ်”ဟု အထက်ပါဌာနမှ တိုင်း ဦးစီးမှူး ဒေါ်ဝင်းစန္ဒာကြည်က ဆိုသည်။

ယခင်က တနင်္သာရီတိုင်းတွင် သဘာ၀ဘေးဖြစ်ပွားမှုများကို လက်ချိုး ရေ၍ရသော်လည်း ၂၀၁၆-၁၇ ခုနှစ်မှ စတင်ကာ သဘာ၀ ဘေးဖြစ်ပွားမှုအကြိမ်ရေ ပိုမိုများပြားလာကြောင်း ဒေါ်ဝင်း စန္ဒာကြည်က ပြောသည်။

သဘာ၀ဘေးဖြစ်ပွားမှုများမှာ ရာသီဥတုပြောင်းလဲလာခြင်း (Climate Change) နှင့် လူတို့ပြုလုပ်သော ကျောက်ထုတ်လုပ်ငန်း၊ သတ္တုတူးဖော် ခြင်းလုပ်ငန်း၊ ရွှေတူးဖော်ခြင်းလုပ်ငန်း၊ ချောင်းမြောင်းများ တိမ်ကောလာပြီး ရေကြီး၊ မြေပြိုဘေးများ ဖြစ်ပွားလာရခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။

“ထပ်တိုးလာတဲ့ ဘေးတစ်ခုက အပူချိန်မြင့်တက်လာတဲ့အတွက် မိုးကြိုးပစ်မှုအားတွေက အခုနောက်ပိုင်းမှာ ပိုများလာတယ်”ဟု ဦးကျော်မိုးခိုင်က ဆိုသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မီးလောင်မှု ၃၂ ကြိမ်၊ ရေကြီးမှု ၂၁ ကြိမ်၊ လေပြင်းတိုက်ခတ်မှု ၈၂ ကြိမ်၊ မြေပြိုကျမှု ၃၁ ကြိမ်၊ ကမ်းပါးပြိုကျမှု ၂ ကြိမ်၊ မိုးကြိုးပစ်မှု ၁၀ ကြိမ်၊ စက်လှေ နစ်မှု ၁ ကြိမ် စုစုပေါင်း ၁၇၉ ကြိမ်ဖြစ် ပွားခဲ့ကြောင်း အထက်ပါဌာန၏ စာရင်း များအရ သိရသည်။

သဘာ၀ဘေးဖြစ်ပွားမှုကြောင့် သေဆုံးသူ ၂၁ ဦးနှင့် ဒဏ်ရာရသူ ၁၁ ဦးရှိပြီး မိုးကြိုးကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အများဆုံး ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

မိုးမြင့်