လေးနှစ်အတွင်း ငရုတ်ကောင်းဈေး သုံးပုံတစ်ပုံ ထိုးဆင်း

0
569

ထားဝယ်ဈေးကွက်တွင် ငရုတ်ကောင်း အခြောက်ဈေးနှုန်းမှာ လေးနှစ်အတွင်း သုံးဆကျော်အထိ ထိုးဆင်းသွားကြောင်း ထားဝယ်ခရိုင်ရှိ ငရုတ်ကောင်းစိုက် တောင်သူအချို့နှင့် ပွဲရုံအချို့ထံမှ သိရ သည်။

ငရုတ်ကောင်းအခြောက် တစ်ပိဿာ လျှင် ပြီးခဲ့သည့် လေးနှစ်ခန့်က ၁၈၀၀၀ ကျပ် ဝန်းကျင်အထိ ဈေးနှုန်းရှိခဲ့သော်လည်း ယခုနှစ် ငရုတ်ကောင်းရာသီတွင် ဈေးနှုန်းမှာ ငရုတ်ကောင်းအခြောက် တစ်ပိဿာလျှင် ၄၈၀၀ ကျပ်ဝန်းကျင်သာ ရှိကြောင်း ထားဝယ်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယမန်နှစ်အထိ ထားဝယ်ဈေးကွက် တွင် တစ်ပိဿာလျှင် ကျပ်၇၅၀၀-၇၈၀၀ အထိရှိခဲ့သေးကြောင်း ပွဲရုံအချို့ထံမှ သိရသည်။

တနင်္သာရီတိုင်းမှ ထွက်ရှိသည့် ငရုတ်ကောင်းများကို တိုင်းအတွင်း အနည်း ငယ်သာရောင်းချနေရပြီး အများစုကို ရန်ကုန်ဈေးကွက်သို့တင်ပို့နေကြောင်း ထားဝယ်မြို့ရှိ မင်္ဂလာပွဲရုံပိုင်ရှင် ဦးဝင်းမောင်က ပြောသည်။

ပြီးခဲ့သည့် လေးနှစ်မှစပြီး ရန်ကုန် ဈေးကွက်သို့ အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံတို့မှ ငရုတ်ကောင်းများ စတင်ဝင်ရောက် လာချိန်မှစပြီး ထားဝယ်တွင် ငရုတ်ကောင်း ဈေးနှုန်း တဖြည်းဖြည်းကျဆင်းလာခဲ့ ကြောင်း ဦးဝင်းမောင်က ပြောသည်။

“အရောင်းအဝယ်က တန့်နေတယ်။ ငရုတ်ကောင်းဈေးကွက် ပျက်တော့မယ် အထိကိုဖြစ်နေတာ”ဟု ၎င်းက ဆိုသည်။

လက်ရှိ ဈေးနှုန်းအရဆိုပါက အလုပ်သမားများကို ငှားရမ်းကာ ငရုတ်ကောင်း စိုက်နေသည့် တောင်သူများမှာ အရှုံးပေါ် နေကြောင်း တောင်သူအချို့ ပြောသည်။

“စားသုံးတဲ့သူတွေအတွက်တော့ ငရုတ်ကောင်းတစ်ဘူးမှ တစ်ထောင် လောက်ပဲဆိုတော့ ပိုက်ဆံတစ်ထောင်နဲ့ တစ်လလုံးစားနေလို့ရတယ်လေ။ စိုက်တဲ့ သူတွေကတော့ ဒီလိုဈေးကျတာက များများစိုက်ရင် များများရှုံးမှာပဲ”ဟု လောင်းလုံးမြို့နယ် သာယာကုန်း ကျေးရွာတွင် တစ်နိုင်တစ်ပိုင် ငရုတ်ကောင်း စိုက်ပျိုးနေသည့် ဒေါ်ထွန်းရှိန်က ဆိုသည်။

ယခုနှစ်တွင် ငရုတ်ကောင်းအထွက် စောသည့်နှစ်ဖြစ်ပြီး ဒီဇင်ဘာလကတည်း က ငရုတ်ကောင်း ထွက်ရှိနေပြီဖြစ် ကြောင်း တောင်သူအချို့ထံမှ သိရသည်။

ကျော်သူစိုး