ဝူရှူးပြိုင်ပွဲတွင် တနင်္သာရီ အမျိုးသမီးအသင်း နှစ်နှစ်ဆက် တံခွန်စိုက်ဒိုင်းဆု ဆွတ်ခူး

0
451

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ဝူရှူးပြိုင်ပွဲအမျိုးအစားတစ်ခု ဖြစ်သည့် ဆန်ဆိုအတိုက်အခိုက် အားကစားနည်းတွင် တနင်္သာရီတိုင်း အမျိုးသမီးအသင်းက တံခွန်စိုက်ဒိုင်းဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ကြောင်း ယင်းအသင်းနည်းပြဖြစ်သူ စောကျော်စိုးမိုးက ပြောသည်။

ယင်းပြိုင်ပွဲကို တနင်္သာရီတိုင်းမှ အမျိုးသမီး အားကစားသမား ငါးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ်တစ်ခုရရှိကာ အမျိုးသမီးတံခွန်စိုက် ဒိုင်းဆုကို ရရှိခဲ့ကြောင်း စောကျော်စိုးမိုးက ပြောသည်။

အားကစားသိပ္ပံကျောင်းများတွင် အထူးလေ့ကျင့်နေသည့် တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကစားသမားများနှင့် ယှဉ်ပြိုင်ခဲ့ရသော်လည်း ယမန်နှစ်က ရရှိထားသည့် တံခွန်စိုက်ဒိုင်းဆုကို တနင်္သာရီ အမျိုးသမီးအသင်းက ကာကွယ်သွား နိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အသင်းမှာက အားကစားသိပ္ပံတက်နေတဲ့သူတစ်ယောက်မှ မပါဘဲ အပြင်က ကစားသမားတွေနဲ့ ဝင်ပြိုင်ခဲ့တာ။ အဲမှာဘာဖြစ်လဲဆိုတော့ အားကစားသိပ္ပံတက်နေတဲ့သူတွေက နည်းပြနဲ့ အံမဝင်ဘဲဖြစ်နေကြတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်ကစားသမားတွေနဲ့ ကိုယ်နည်းပြနဲ့ အံဝင်ခွင်ကျ ဖြစ်နေလို့ ဒီလိုအနိုင်ရလိုက်တာ”ဟု ၎င်းက ဆိုသည်။

အမျိုးသားအသင်းတွင် ကစားသမားလေးဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြေးတံဆိပ်သုံးခုရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းပြိုင်ပွဲကို ဇန်နဝါရီလ ၁၄ ရက်မှ ၁၆ ရက်အထိ မန္တလေးတိုင်းတွင် ကျင်းပခဲ့ပြီး အိမ်ရှင်မန္တလေးအတိုင်းမှပင် အမျိုးသား၊ အမျိုးသမီး စုပေါင်းတံခွန် စိုက်ဒိုင်းဆုကို ရရှိသွားခဲ့ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ ရွှေတံဆိပ်ရ ကစားသမားတစ်ဦးကို ငွေကျပ်ငါးသိန်း နှင့် ကြေးတံဆိပ်ရ ကစားသမားတစ်ဦးကို တစ်သိန်းကျပ်ချီးမြှင့်မည် ဖြစ်သည်။

ကျော်သူစိုး