တံငါရွာက ပုလင်းအိမ်

0
1110

ရွာအတွင်း ခြေချလိုက်မိသည်နှင့် ပထမဆုံး သတိထားမိသည်က ပုလင်းများဖြင့် ဆောက်ထားသည့် အိမ်ကလေး တစ်လုံးဖြစ်သည်။

ကျွန်းစုမြို့နယ်၊ ဝဲကျွန်းဆိုသည်က အိမ်ခြေ ၃၀၀ ကျော် လောက်ရှိသည့် တံငါရွာလေးတစ်ရွာ။ သည်ရွာကို ရောက် ရန် မြိတ်ကနေ အမြန်ရေယာဉ်ဖြင့် နှစ် နာရီခန့် မောင်းရသည်။

ပုလင်းအိမ်မှာ အိမ်တစ်လုံးဆို သည်ထက် ဘီယာနှင့် ယမကာများ ရောင်းချသည့် ဆိုင်တစ်ဆိုင်ဆိုတာက ပိုပြီးမှန်ပါလိမ့်မည်။

ဆိုင်လေးက အလျား ၂၅ ပေ၊ အကျယ် ၂၀ ပေနှင့် အမြင့် ၁၅ ပေခန့်ရှိကာ ပုလင်းများကို နံရံနှစ်ထပ်လုပ်ပြီး ခိုင်ခိုင် မာမာ ဆောက်လုပ်ထားသည်။

လက်ရှိအချိန်မှာတော့ ဆောက်လုပ် မှု လက်စသတ်နေသေးသည့် အချိန်ဖြစ် သည့်အတွက် ဆိုင်လေးတွင် ဘီယာနှင့် ယမကာများတော့ မရောင်းချရသေး။ သို့သော် လာမည့် တစ်လလောက်အတွင်း မှာတော့ ရောင်းချနိုင်တော့မည် ဖြစ်သည်။

သည်ဆိုင်လေး ဖန်တီးဖို့စိတ်ကူး ခဲ့ရတာက တစ်နှစ်လောက်ကြာပြီး ပြီးစီး သည်အထိ ရှစ်လမျှ အချိန်ပေးခဲ့ရကြောင်း ပုလင်းဆိုင် ဆောက်လုပ်ခဲ့တဲ့ သူလည်း ဖြစ် ပိုင်ရှင်လည်းဖြစ်သူ ကိုဇော်မင်းသန်း က ပြောပြသည်။

“စလုပ်အချိန်ကတော့ ဒီလူရူးပြီး လျှောက်လုပ်နေတယ်လို့ ပြောကြတာပေါ့။ နောက်တော့မှ လူတွေက လက်ခံလာ ကြတယ်”ဟု ၎င်းက ရယ်ရင်းပြောပြသည်။ ယင်းအတွက် အသုံးပြုခဲ့ရသည်က ပုလင်း အလုံးပေါင်း ခုနစ်ထောင်။

ကိုဇော်မင်းသန်းက ရွာမှာလိုင်စင်ရ အရက်ဆိုင် ရောင်းချနေသူတစ်ဦးဖြစ်ပြီး ဝယ်သူမရှိသည့် ပုလင်းခွံများ တစ်နေ့ တစ်ခြား တောင်ပုံရာပုံဖြစ်လာနေသည် ကိုကြည့်၍ မည်သို့လုပ်ရမည်ဟုတွေးရင်း အိမ်ဆောက်ရန် စိတ်ကူးရခဲ့ကြောင်း ၎င်း က ဆိုသည်။

“ရောင်းလို့လည်းမရ။ ပစ်ချဖို့လည်း နေရာမရှိဆိုတော့ သူများနိုင်ငံမှာ ရေသန့် ဘူးနဲ့ အိမ်ဆောက်သလို ကိုယ်လည်း ဆောက်လို့ရမလားဆိုပြီး စမ်းကြည့်တာ”ဟု အသက် ၄၃ နှစ်အရွယ်ရှိ ကိုဇော်မင်း သန်းက ပြောသည်။

ယင်းသို့စိတ်ကူးရပြီးသည့်နောက်ပန်းရန်နှင့် ပန်းပုပညာကို နားလည်သည့် မြိတ်မြို့နေ မိတ်ဆွေဖြစ်သူ ကိုနေလင်းနိုင် နှင့်နှစ်ယောက်ပေါင်းကာ အိမ်ကိုစတင် ဆောက်ခဲ့သည်။

“အောင်မြင်ရင်လည်း ကောင်းတာ ပေါ့။ မအောင်မြင်ရင်လည်း ပြီးဆိုတဲ့ သဘောမျိုးနဲ့ လုပ်ခဲ့တာ”ဟု ၎င်းက ဆိုသည်။

အိမ်အမိုးကို သွပ်ပြားများဖြင့်မိုးပြီး နံရံကိုသစ်သားဖြင့် စင်ပုံစံပြုလုပ်ကာ ယင်းစင်အတွင်း ပုလင်းသွင်းကာ ဘိလပ် မြေဖြင့် နံရံပြုလုပ်ခဲ့သည်။ ယင်းသို့ ပြုလုပ်ရန်အတွက် ကျပ်သိန်း ၅၀ နီးပါး ခန့် ကုန်ကျခဲ့ကြောင်း ကာယကံရှင်က ဆိုသည်။

ပုလင်းဆိုင်တွင် လူနေထိုင်ရန် ထပ်ခိုးလေးတစ်ခုပြုလုပ်ထားပြီး ယင်း ထပ်ခိုး၀ရန်တာမျက်နှာစာ ကိုလည်းပုလင်း များဖြစ် ထည့်သွင်းထားသည်။ ဆိုင် အတွင်းမှာတော့ ပစ္စည်းသိုလှောင်ရန် စတိုခန်း သီးသန့်သောက်ရန် အထူးခန်း နှင့် ယမကာရောင်းချသည့် ကောင်တာ စားပွဲကိုလည်း ယင်းပုလင်းများဖြင့်ပင် အလှဆင်ထားသည်။ ပြောရလျှင် ကြည့်လေရာ မြင်မြင်သမျှက ပုလင်း ကမ္ဘာဟု ပြောရမလို။ ဆိုင်တွင်ဆွဲထားမည့် မီးဆိုင်းနှင့်အလှပန်းအိုးများကိုလည်း ပုလင်းများဖြင့် လုပ်ပြီး ဆိုင်ကိုထပ်ပြီး အလှဆင်ဦးမည်။

“ပုလင်းတစ်လုံးကွဲရင် နောက်တစ် လုံးအစားထိုးဖို့လည်း လွယ်ကူအောင် လုပ်ထားတယ်”ဟု ၎င်းက ပြောပြသည်။

ဆိုင်အတွင်းအပြင် လျှပ်စစ်မီးကို ဆိုလာအသုံးပြု ထွန်းထားသလို ဆိုင် အတွင်း လေဝင်လေထွက် ကောင်းအောင် နှင့် လေပန်ကာကြီးတစ်ခုကိုလည်း အထူးပြုလုပ်ထားကြောင်း ကိုကုလားဟု လူသိများသူ ကိုဇော်မင်းသန်းက ပြော သည်။

“ပုလင်းက ရောင်စုံဆိုတော့ ညဘက် မီးထွန်းလိုက်တာနဲ့ အရောင်တွေက ဖြာ ထွက်နေတာ တော်တော်လှတယ်”ဟု ဝဲကျွန်းရွာသားတစ်ဦးဖြစ်သူ ဦးမောင်ရှုံး က ပြောသည်။

ဦးမောင်ရှုံးအနေဖြင့် မလေးရှားနိုင်ငံ နှင့်ထိုင်းနိုင်ငံသို့ ရောက်ခဲ့ဖူးပြီး ယင်း သို့ပုလင်းများဖြင့် ဖန်တီးထားသည့် ဘီယာဆိုင်မျိုး မတွေ့ဖူးဟု ဆိုသည်။

“ရွာအတွက်တော့ ဂုဏ်ယူစရာပေါ့။ ဒီအိမ်မျိုးက မြိတ်မှာတောင် မရှိသေးဘူးလေ”ဟု ၎င်းက ပြောသည်။

ကိုဇော်မင်းသန်းမှာ မြိတ်ဇာတိ ဖြစ်ပြီး မောင်နှမ ၅ ဦးအနက် ဒုတိယ မြောက်သားဖြစ်ကာ ၁၀ တန်း ၂ နှစ်ကျခဲ့ သည့်နောက် ပညာရေးဘက်မလှည့်တော့။ ယင်းနောက် ရွာရှိမိဘများ လုပ်ကိုင်ခဲ့ သည့် အလုပ်ကိုလုပ်ကိုင်ရင်း လက်ရှိ အချိန်တွင် တစ်နိုင်တစ်ပိုင် ကကတစ်ငါး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ် သည်။

ယခုချိန်မှာတော့ စွန့်ပစ်ရန်ခက် သည့် ရောင်းတန်းမဝင်ပုလင်းများဖြင့် သူစိတ်ကူးယဉ်ခဲ့သည့် အိမ်ကလေး တစ်ဆောင်က ပြီးစီးလုနီးပြီ။

ပြီးခဲ့သည့်အပတ်က ရွာကိုရောက် လာကြသည့် နိုင်ငံခြားသား အချို့က သူ့အိမ်ကလေးကို ဓာတ်ပုံရိုက်သည့် အတွက် သူ ပီတိဖြစ်ရသလို အရူးဟုပြော ခဲ့ကြသည့် ရွာသားများမှလည်း သူ့လုပ် ဆောင်မှုကို အသိအမှတ်ပြုလာကြသည့် အတွက် ဝမ်းမြောက်မိကြောင်း သူက ဖွင့်ဟသည်။

“ပုလင်းက စွန့်ပစ်ပစ္စည်းဖြစ်နေ တယ်။ ဝယ်မယ့်သူက မရှိဘူး။ စိတ်ကူးပြီး အိမ်ဆောက်လိုက်တဲ့အတွက် သူ့အတွက် ရော ရွာအတွက်ပါ အကျိုးရှိတယ်။ မဟုတ် ရင် ဒီပုလင်းပုံကြီးက ကွဲခြမ်းတာနဲ့ လူတွေကို ထိခိုက်နိုင်တယ”}ဟု ဦးမောင်ရှုံး က မှတ်ချက်ပေးသည်။

ကိုဇော်မင်းသန်းက ရွာရှိကလေးလူ ကြီး အားလုံးနှင့်ဆက်ဆံရေး ပြေပြစ်သူ တစ်ဦးဖြစ်ပြီး ရွာကိုအကြောင်းကြောင်း ဖြင့် ရောက်လာကြသည့် ဧည့်သည်များ အား ထူးထူးခြားခြား ပုံစံမျိုးဖြင့်ဧည့်ခံ ချင်သည့် ဆန္ဒရှိခဲ့သလို ရွာရှိဖောက်သည် ရောင်းရင်းများ အတွက်လည်း စမတ် ကျကျ ဆိုင်ကလေးတစ်ဆိုင် ဖန်တီးပေး နိုင်ခဲ့သည့်အတွက်သူ ကျေနပ်နေသည်။

“ဆိုင်ကိုတော့ ရွာသားတွေ ပေးထား တဲ့ ‘ပုလင်းဂေဟာ’ဆိုတဲ့ အမည်ပဲ ပေးဖို့ စိတ်ကူးထားတယ်”ဟု သူက ပြောသည်။

ယင်းကဲ့သို့ ပုလင်းဂေဟာမျိုး မြိတ်မြို့တွင် ထပ်မံပြုလုပ်ရန်လည်း သူ့စိတ်ကူးအိပ်မက်များ ရှိနေသေးသလို သူ့လိုလုပ်မည့်သူရှိလျှင်လည်း သူ့အနေ ဖြင့် နည်းပညာကူညီမည်ဟု ဆိုသည်။

ဒေသတွင်းသစ်တောပြုန်းတီးမှုကာ ကွယ်ရန်နှင့် အများသူငှာစွန့်ပစ်ထားကြသည့်ပစ္စည်းများကို အကျိုးရှိအောင် လူအများ အသုံးချစေချင်သည့် ဆန္ဒက သူ့ရင်တွင် ရှိနေသည်။

“သစ်တွေဝါးတွေ ခေါင်ခိုက်နေတဲ့ ခေတ်မှာ နေထိုင်ဖို့အတွက် စွန့်ပစ်ပစ္စည်း တွေနဲ့ အိမ်တစ်ဆောင် ဆောက်လို့ရပါ တယ် ဆိုတာကို ကျွန်တော်က လူတွေကို သိစေချင်တယ်”

ကိုဆန်း