မြိတ်လျှပ်စစ်တင်ဒါ စာချုပ်မူကြမ်း ရှေ့နေချုပ်ရုံးထံ ပို့ထားဟုဆို

0
379

မြိတ်မြို့နယ် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးအတွက် တင်ဒါအောင်ထားသည့် Petro & Trans ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရန်အတွက် စာချုပ်မူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ပေးပို့ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

ကုမ္ပဏီဖက်မှ တင်ပြလာသည့် စာချုပ်မူကြမ်းကို တိုင်းအစိုးရက စိစစ် ပြီးသည့်အတွက် တိုင်းဥပဒေချုပ်ရုံးမှ တစ်ဆင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ပေးပို့ထားကြောင်း ၎င်းက ဆိုသည်။

“မြိတ်လျှပ်စစ် စာချုပ်မူကြမ်းပို့ ထားပြီးပြီ။ ရှေ့နေချုပ်ရုံးကို ပို့ထားတယ်။ ဥပဒေချုပ်ရုံးက တစ်ဆင့် ပို့ထားတာ”ဟု ဝန်ကြီးဦးအောင်သူရက ပြောသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ စာချုပ်မူကြမ်းပြန်ပို့လာပြီးမှသာ ကုမ္ပဏီနှင့် ချုပ်ဆိုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြိတ်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး ရေးလုပ်ငန်းအတွက် Petro & Trans ကုမ္ပဏီက တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် တင်ဒါအောင်မြင်ထားသည်။

HFO လောင်စာအသုံးပြုပြီး လျှပ်စစ်ထုတ်မည်ဖြစ်သည့်အတွက် စာချုပ်ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း ၁၈၀ ထက် နောက်မကျစေဘဲ ဓာတ်အားထုတ်လုပ်ပေးရမည်ဖြစ်သည်။

Petro & Trans ကုမ္ပဏီအနေဖြင့် အဆိုပါ သတ်မှတ်ကာလအတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ပြီး HFO လောင်စာသုံး အင်ဂျင်စက်ကို မြိတ်မြို့နှင့် သုံးမိုင်ခန့်အကွာတွင် တည် ဆောက်နိုင်ရေး မြေနေရာဝယ်ယူရန် စီစဉ်နေကြောင်း ဦးဇော်မင်းဦးက ပြောဆိုထားသည်။

Dawei Watch