မတ်လအထိ ကျောင်းဖွင့်မည့်ကိစ္စ အခြေခံဆရာနှင့် ပညာရေးကောလိပ် ကျောင်းသားများ စုပေါင်း ဆန္ဒပြမည်

0
397

မတ်လအထိ ကျောင်းဖွင့်မည်ကို ကန့်ကွက်သည့်အနေဖြင့် ထားဝယ်ခရိုင်ရှိ အခြေခံ ဆရာ၊ ဆရာမအချို့နှင့် ထားဝယ် ပညာရေးကောလိပ် ကျောင်းသားများ စုပေါင်းကာ ဆန္ဒထုတ်ဖော်ရန် စီစဉ်နေကြောင်း ယင်းဆန္ဒထုတ်ဖော်မည့် ကိစ္စ ဦးဆောင်နေသူအချို့ထံမှ သိရသည်။

တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် ကျောင်းသားများနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများက မတ်လအထိ ကျောင်း ဖွင့်မည့် ကိစ္စကို အကြိမ်ကြိမ်ထောက်ပြ ပြောဆိုနေသော်လည်း ပညာရေးဝန်ကြီး ဌာနမှ ကျောင်းတက်ရက်ကို မပြောင်း ပေးသည့်အတွက် ဆန္ဒထုတ်ဖော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဆရာဝေယံစိုးက ပြောသည်။

ဆန္ဒထုတ်ဖော်ဖြစ်ပါက ထားဝယ် ပညာရေးကောလိပ် တွင်လူစုကာ ဆေးရုံလမ်းအတိုင်း တိုင်းပညာရေးမှူးရုံးကို ချီတက်မည်ဖြစ်ပြီး ယင်းမှတဆင့် အာဇာနည်လမ်းအတိုင်း ချီတက်လာကာ ဗိုလ်ချုပ်အောင်ဆန် အဝိုင်းပတ်တွင် အဆုံးသတ်မည်ဟု ကနီဦးစီစဉ်ထားကြောင်း ဆရာဝေယံစိုးက ပြောသည်။

ဆန္ဒထုတ်ဖော်မည့်နေ့ကို ဇန်နဝါရီ လ ၃၁ ရက် သို့မဟုတ် ဖေဖော်ဝါရီလ ၂ ရက်နေ့ကို ယာယီရွေးချယ်ထားပြီး ဥပဒေနှင့်အညီဖြစ်စေရန် ရဲတပ်ဖွဲ့ထံလည်း ဆန္ဒထုတ်ဖော်မည့်ကိစ္စအကြောင်း ကြားရန်စီစဉ်နေကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂဖက်မှလည်း ပူးပေါင်းပါဝင်မည်ဟု အကြောင်းပြန်ထားပြီး ထားဝယ်ခရိုင်ရှိ ဆရာ၊ ဆရာမများကို စည်းရုံးနေကြောင်း ၎င်းက ပြောသည်။

“အချို့ဆရာ၊ ဆရာမတွေက ဒီလိုလုပ်တာကို စိတ်ဝင်စားမူရှိပေမယ့် ဒီလိုဆန္ဒပြမယ်လို့ ပြောလိုက်တာနဲ့ ကျောင်းအုပ်တွေက ခွင့်မပြုမှာကို စိတ်ပူနေကြတယ်”ဟု ၎င်းက ဆိုသည်။

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင်လည်း အခြေခံဆရာ၊ ဆရာမ အချို့က ဆန္ဒထုတ်ဖော်ရန်စီစဉ်နေကြပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ကို ဆန္ဒထုတ်ဖော်ရန် ရဲတပ်ဖွဲ့ထံမှ ခွင့်ပြုချက်ရထား ပြီးဖြစ်ကြောင်း သိရသည်။

ကျော်သူစိုး