တနင်္သာရီနယ်စပ်ဝင်ပေါက်များတွင် ဝူဟန်ဗိုင်းရပ် စောင့်ကြည့်ရေး အစီအမံမရှိသေး၊ ရနောင်းတွင် ထိုင်းဘက်မှ စတင်စစ်ဆေး

0
555

တနင်္သာရီတိုင်း နယ်စပ်ဝင်ပေါက်များတွင် ဝူဟန်ဗိုင်းရပ် စောင့်ကြည့်ရေး အစီအမံမရှိသေးကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင် တွေ့ရှိခဲ့သည့် အသက်ရှူလမ်းကြောင်း ထိခိုက်စေသည့် ဗိုင်းရပ်စ်ပိုးအသစ် ကြောင့် ဇန်နဝါရီလ ၂၅ ရက်အထိ သေဆုံးသူ ၄၁ ဦးရှိပြီဖြစ်သည်။ ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံအချို့ကို လည်း ရောဂါကူးစက်ခံထားရသည်။

အိမ်နီးချင်းနိုင်ငံတွင် ရောဂါပိုးရှိသူ ရောက်ရှိနေပြီဖြစ်သဖြင့် ဝူဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်၍ နယ်စပ်ဝင်ပေါက်များတွင် စောင့်ကြည့်မည့် အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းရာ သတိထားစောင့် ကြည့်နေသည့် အဆင့်သာရှိသေးပြီး အစီအမံ သတ်သတ်မှတ်မှတ် မရှိသေးကြောင်း ဝန်ကြီးဦးဟိုပင်က ဆိုသည်။

“ဒီဟာနဲ့ ပတ်သက်ပြီး သတိထားပြီး ကြည့်နေတဲ့ အဆင့်ပဲရှိသေးတယ်။ အစီအမံ ဆိုတော့ သတ်သတ်မှတ်မှတ်တော့ မရှိသေးဘူးပေါ့လေ”ဟု ဦးဟိုပင်က ပြောသည်။
ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရမှု စောင့်ကြည့်မည့် အသေးစိတ်အစီအမံနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာနက ညွှန်ကြားလာခြင်းရှိ။ မရှိကို တိုင်းဒေသ ကြီး ကျန်းမာရေးဌာသို့ မေးမြန်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံ နှင့် ထိစပ်နေပြီး တရားဝင်ဖွင့်လှစ်ထား သည့် နယ်စပ်ဝင်ပေါက် သုံးခုရှိသည်။ ယင်းနယ်စပ်ဝင်ပေါက် သုံးခုအနက် မောတောင်နယ်စပ်တွင်လည်း ကြိုတင် ပြင်ဆင်ထားခြင်း မရှိသေးကြောင်း မောတောင်နယ်စပ်နေ ဧည့်လမ်းညွှန် တစ်ဦးက ဆိုသည်။

“ထိုင်းဘက်ကဂိတ်မှာရော မြန်မာဘက်ကဂိတ်တွေမှာပုံမှန်အတိုင်း ဝင်ထွက်သွားလာနေကြပါတယ်။ ကျန်းမာရေး နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာစစ်ဆေး တာမျိုး မတွေ့ရသေးပါဘူး”ဟု အဆိုပါ ဧည့်လမ်းညွှန်က ပြောသည်။

တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်ကလည်း ဝူဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်၍ သီးခြား တာဝန်ပေးထားခြင်း၊ ညွှန်ကြားထားခြင်းမရှိသေးကြောင်း ဆိုသည်။
သို့သော် ကော့သောင်းမြို့ တစ်ဖက်ကမ်း ရနောင်းနယ်စပ်ဂိတ်တွင် ကိုရိုနာ ဗိုင်းရပ်စ်ပိုးရှိ^မရှိ စစ်ဆေးရေး လုပ်ငန်း များကို ထိုင်းနိုင်ငံဘက်မှ ဇန်နဝါရီ ၂၅ ရက်မှ စတင်လုပ်ဆောင်လာကြောင်း VoA သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဟွာဟင်းမြို့ဘက်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူး စက်ခံထားရသည်ဟု သံသယရှိသူ နိုင်ငံခြားသားတစ်ဦး တွေ့ရှိပြီးနောက် ရနောင်းမြို့တွင် စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်လာခြင်း ဖြစ်သည်။

မြန်မာ အစိုးရ ကျန်းမာရေးဝန်ကြီးဌာနကမူ မူဆယ်၊ မြ၀တီ၊ တာချီလိတ် နယ်စပ်ဝင်ပေါက် သုံးခုမှ ဝင်ရောက်လာသည့် ခရီးသည်များ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးစောင့်ကြပ်နေသည်ဟုဆိုကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

Dawei Watch