ကျောင်းကားဝယ်ရန် တရုတ်နှင့် ဂျပန်ကို ကူညီတောင်းထားသော်လည်း အကြောင်းမပြန်သေး

0
681

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကားကြုံဖြင့်ကျောင်းတက်နေရသော ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းကား ဝယ်ယူရန် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်နှင့် ဂျပန်နိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး တို့အား ကူညီတောင်းထားသော်လည်း ယနေ့အထိ အကြောင်းမပြန်သေးကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် နှင့် ဂျပန်နိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် လောင်းတို့ ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းက ထားဝယ်မြို့ကို သီးခြားစီ လာရောက် လည်ပတ်ခဲ့စဉ် ကျောင်းကားဝယ်ယူ မည့်ကိစ္စ ကူညီပေးရန် အဆိုပြုလွှာ ရေးပေးလိုက်ကြောင်း တိုင်းအစိုးရအဖွဲ့ ဝင် လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်က ပြောသည်။

သို့သော် လက်ရှိအချိန်အထိ ယင်း ကိစ္စကို နှစ်ဘက်စလုံးက တစ်စုံတစ်ရာ အကြောင်းပြန်ကြားလာခြင်းမရှိဘဲ လမ်းစ ပျောက်နေကြောင်း ဦးဟိုပင်က ပြောသည်။

“အခုက တရုတ်ကလဲ အကြောင်း မကြား။ ဂျပန်ကလည်းအကြောင်းမကြား ဘယ်လိုအခြေအနေရှိနေလဲ မသိရတော့ လုပ်ချင်ပေမယ့် လုပ်လို့မရဘဲ ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

ရေဖြူမြို့နှင့် ကလိန်အောင်မြို့ အကြားရှိ ရေပုံး၊ ၃၆ မိုင်၊ ကျေးဇူးတော်၊ ဟိန္ဇဲ စသည့်ကျေးရွာတို့မှ အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများသည် မိုင် ၃၀ ကျော်ဝေးသည့် ကလိန်အောင်မြို့ အထက်တန်းကျောင်းနှင့် ယင်းမြို့အနီးရှိ ကျောက်ရှပ်ရွာ အလယ်တန်းကျောင်း(ခွဲ) သို့ ကြုံရာကားကို စီးပြီးကျောင်း တက်နေရသည်။

တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးကိုယ်တိုင်ပင် ဝန်ကြီးကားမှန်းမသိဘဲ ကားတားစီး သည့် ကျောင်းသူတစ်ဦးနှင့် ကြုံဖူးကြောင်း ပြောသည်။

ယင်းကဲ့သို့ နီးရာကားကြုံဖြင့် ကျောင်းတက်နေရသည့် ကျောင်းသား များအတွက် ကျောင်းကားစီစဉ်ပေးရန် အစီအစဉ်ရှိ/မရှိကိုလည်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်သည့် တိုင်း လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ယခင်တိုင်းလွှတ်တော် ကိုယ်စားလှယ် (ယခု တိုင်းသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး) ဦးလှထွေးက မေးခွန်းထုတ်ခဲ့ဖူးသည်။

ရေဖြူက ကျောင်းသားများ ကျောင်းကားအကူအညီရရှိရေးအတွက် ရန်ကုန် တိုင်းအစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင် သာရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး တစ်စုံတစ်ရာ အကြောင်းမထူးခဲ့ကြောင်း ဝန်ကြီးဦးဟိုပင် က ပြောသည်။

Dawei Watch