အပြစ်မရှိသူအားသေနတ်ဖြင့်ပစ်ဖမ်းမှု သမုတ်ရဲတပ်ဖွဲ့ တိုင်ကြားခံရ

0
855

အပြစ်မရှိသည့်ရွာသားတစ်ဦးအား သေနတ်ဖြင့် ဖမ်းဆီးကာ ရိုက်နှက်ခဲ့သည့် မြိတ်ရှိ သမုတ်ရဲတပ်ဖွဲ့ကို နစ်နာသူက တိုင်ကြားလိုက်သည်။

မြိတ်မြို့နယ် သစ်ယာ၀ကျေးရွာနေ အသက် ၄၂ နှစ်ရှိ ဦးဌေးလွင်သည် ၂၀၁၉ ခုနှစ် ဩဂုတ်လက အိမ်နီးချင်းနေအိမ် တွင် ရှိနေပြီး အိမ်အနောက်ဘက်သို့ အပေါ့သွားစဉ် ရဲတပ်ဖွဲ့ဝင်များ ရောက် ရှိလာပြီး “မပြေးနဲ့”ဟု ဆိုကာ သေနတ် ဖြင့် အပစ်ခံရခြင်းဖြစ်ကြောင်း ကာယကံရှင်က ပြောသည်။

သေနတ်ဖြင့်ပစ်ခတ်မှုကြောင့်၎င်း ၏လက်သူကြွယ်နှင့်လက်သန်းတွင် သွေများဖြာကျနေချိန် ပစ်ခတ်သည့်ရဲ တပ်သားအပါအဝင် ရဲ ၅ဦးမှ အိမ်ပေါ်သို့ တက်၊ လက်ထိပ်ခပ်ပြီး ရိုက်နှက်ကာ ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း အိမ် ရှင်ဒေါ်အင်ပီနှင့် ကာယကံရှင်ထံမှ သိရသည်။

“အဲဒီညက ကျွန်တော့်ကိုပစ်တဲ့ရဲ ရောဖမ်းတဲ့ရဲတွေပါ မူးနေကြတယ်”ဟု ဦးဌေးလွင်က ပြောသည်။

ယင်းသို့ဖမ်းဆီးသွားပြီး ည၁၁နာရီ အချိန်ခန့်တွင် ရဲများမှ ပြန်ရောက်လာပြီး မိမိအိမ်တွင် ဓားလာရှာခဲ့ကြောင်း ဒေါ်အင်ပီ က ဆိုသည်။

“ဓားလာရှာတယ်လို့ပြောပြီး ရှာကြ တယ် မတွေ့ဘူး။ အိမ်ပေါ်တက်လာက တည်းကလည်း မောင်ဌေးလွင်ဆီမှာ မုန့် တစ်ခုပဲပါလာတယ် ဘာဓားမှ ပါမလာဘူး”ဟု၎င်းက ပြောသည်။ အိမ်ရှင် ဒေါ်အင်ပီမှာ အသက် ၆၅ နှစ် ရှိပြီ ဖြစ် သည်။

ယင်းနောက်ဩဂုတ်လ၂၁ရက်နေ့ တွင် တစ်ပေခန့်ရှိသည့် ဓားတစ်ချောင်အား ရဲတပ်ဖွဲ့မှ ယူလာကာ ၎င်း၏ဓားဖြစ်ကြောင်း အမျိုးမျိုးခြိမ်းခြောက်ကာ ဝန်ခံခိုင်းခဲ့ သော်လည်း မိမိဓားမဟုတ်သည့်အတွက် ၎င်းက ဝန်မခံခဲ့ဟု ဦးဌေးလွင်က ပြောပြသည်။

နောက်တစ်နေ့တွင် သမုတ်နယ်မြေ ရဲစခန်းမှ ဦးဌေးလွင်အား(ပ)၁၇/၂၀၁၉လက်နက်ပုဒ်မ၁၉(င) ဖြင့် စွဲချက် တင်ပြီး တရားရုံးသို့ ပို့ခဲ့သည်။

မြိတ်ခရိုင်ပြည်သူ့ ဆေးရုံကြီးအချုပ် တွင်ရရှိသည့်ဒဏ်ရာများကို တစ်ပတ် ကျော်ကျော်ခန့် ဆေးကုသခဲ့ရသည်။

၎င်းနောက် အာမခံရရှိသည့်အတွက် နေအိမ်သို့ပြန်လာကာ မြိတ်မြို့နယ် တရားရုံးတွင် ၅လခန့် အမှုရင်ဆိုင်ခဲ့ရသည် ဟု ဦးဌေးလွင်က ပြောပြသည်။

တရားရင်ဆိုင်ပြီး ရုံးချိန်း ၁၄ကြိမ် စစ်ဆေးကာ မြိတ်မြို့နယ်တရားရုံးမှ ဒီဇင်ဘာလ ၁၂ရက်တွင် အပြစ်မရှိကြောင်း အမိန့်ချခဲ့သည်။

ယင်းအတွက် နစ်နာသူ ကာယကံ ရှင်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ရဲတပ်သား အပါအဝင် ရဲ ၅ဦးအား အရေးယူပေးပါရန် နယ်လုံဝန်ကြီး၊ တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် နိုင်ငံတော် သမ္မတရုံးသို့ တိုင်ကြားစာ ပေးပို့ထားသည်။

ဦးဌေးလွင်သည် စာသင်ကျောင်း ဝင်းအတွင်းနှင့် ရွာလမ်းဘေးတစ်ဖက်စီ တွင် ပိတောက်ပင်များ စိုက်ပျိုးခဲ့ပြီး ယင်း အပင်များအား နုတ်ပစ်ဖျက်ဆီး ခဲ့သည်ဆိုသည့် တစ်ရွာတည်းနေ အသက် ၄၀ကျော်အရွယ်ရှိ ဒေါ်တင်ဝါ ဆိုသူနှင့် စကားအခြေအတင် ဖြစ်ကြသည်။

ဒေါ်တင်ဝါမှ သမုတ်နယ်မြေ ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့သည့် အတွက် ရဲများမှ လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင် ဦးဌေးလွင်က ပြောပြသည်။

ဦးဌေးလွင်သည် ရွာရှိစာသင်ကျောင်း အကျိုးတော်ဆောင်ကော်မတီဝင်တစ်ဦး ဖြစ်ပြီး ဆရာမများနေထိုင်သည့်ကျောင်း အနီး မြေအားမိမိငွေဖြင့်ဝယ်ကာ ကျောင်း သို့လှူခဲ့သူလည်း ဖြစ်သည်။

ဦးဌေးလွင်အမှုရင်ဆိုင်နေရစဉ် သမုတ်ရဲတပ်ဖွဲ့မှ ငွေတစ်သိန်းလာပေးသည်ကို လက်မခံခဲ့သလို တရား ရုံးမှ အပြစ်မရှိကြောင်း အမိန့်ချမှတ်ပြီး နောက် ယင်းဖြစ်ရပ်အား တနင်္သာရီတိုင်း အစိုးရအဖွဲ့နှင့်နယ်လုံဝန်ကြီးသို့ တိုင် ကြားရန် စီစဉ်သည့်အချိန်တွင်လည်း ယင်းရဲတပ်ဖွဲ့မှ ငွေကျပ် ၁၅ သိန်းလာ ရောက်ပေးကာ မတိုင်တန်းရန် ပြောဆိုခဲ့ ကြောင်း ဦးဌေးလွင်က ပြောပြသည်။

“ကျွန်တော် ငွေမလိုဘူး။ ကျွန်တော့် ကို ဒုက္ခရောက်အောင်လုပ်တဲ့သူတွေကို တရားဥပဒေအတိုင်း အရေးယူပေးဖို့ပဲ လိုတယ်”ဟု ၎င်းက ပြောသည်။

ယင်းအမှုကို တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးရဲခေါင်မြင့်နှင့်အဖွဲ့မှ ခုံရုံး ဖွဲ့ကာ စစ်ဆေးပြီး အရေးယူနိုင်ရေး တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ အစီရင်ခံ တင်ပြထားကြောင်း မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကိုကိုအောင်က ရှင်းပြ သည်။

Dawei Watch