မြေယာပိုင်ဆိုင်ခွင့် အငြင်းပွားနေသည့် ကြက်ယက်တွင်းနှင့် မိန်းမချောရွာကိစ္စ ညှိနှိုင်းပေးမည်

0
624

လောင်းလုံးမြို့နယ် ကြက်ယက် တွင်းရွာနှင့် မိန်းမချော(ဒေသအခေါ် မီးဇေား) ကျေးရွာတို့အကြား မြေယာပိုင် ဆိုင်မှု အငြင်းပွားနေသည့် ကိစ္စကို ညှိနှိုင်းပေးမည်ဖြစ်ကြောင်း လောင်းလုံး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။

ကျေးရွာအုပ်စုတစ်ခုတည်း ဖြစ်သည့် ကြက်ယက်တွင်းနှင့် မိန်းမချောကျေး ရွာနှစ်ရွာအကြားရှိ မြေကွက်လပ်တစ်ခု ကို သူပိုင်သင့်၊ ငါပိုင်သင့်ဟု အငြင်းပွား နေသည်။

“ဒီအပတ်က ပိတ်ရက်များနေတော့ ရှေ့အပတ်ထဲမှာတော့ ခေါ်ညှိဖို့ စီစဉ် ထားပါတယ်”ဟု ဦးကံထူးက ဆိုသည်။

ယခင်က အင်းကြီးတစ်ခုအဖြစ်ရှိနေသော ယင်းမြေကွက်လပ်ကို ယမန်နှစ်က ကျေးရွာနှစ်ရွာမှ ရွာသားများထည့်ဝင် ငွေဖြင့် ဖြေဖို့ခဲ့ကြောင်း အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားအချို့ထံမှ သိရသည်။

ဖြေဖို့ပြီးရရှိလာသည့် မြေကွက်လပ်ကို နှစ်ရွာစလုံးအတွက် အသုံးပြုရမည့် ကျန်းမာရေး၊ ပညာရေး စသည့် အခြေခံ အဆောက်အအုံဆောက်ရန် သဘောတူညီချက်ဖြင့် မြေဖို့ထားခြင်းဖြစ်ကြောင်း ကြက်ယက်တွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညီညီက ပြောသည်။

ယခုနှစ် ဒီဇင်ဘာလအတွင်းတွင် မိန်းမချောကျေးရွာဘက်မှ ရွာသားများ က ယင်းမြေနေရာတွင် မူကြိုကျောင်း ဆောက်ရန် မြေနေရာ လာရောက် တောင်းယူရာမှ အငြင်းပွားမှုဖြစ်လာခြင်း ဖြစ်ကြောင်း ယင်းကျေးရွာနှစ်ရွာရှိ ရွာသားအချို့ထံမှ သိရသည်။

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သူကမူ ယင်းမြေနေရာတွင် နှစ်ရွာ စလုံးအတွက် အသုံးဝင်သည့် ကျန်းမာရေး ဆေးပေးခန်း ဆောက်ရန်သာ သင့်တော် သည်ဟုဆိုကာ မိန်းမချော ကျေးရွာ အတွက်သာ အသုံးဝင်သည့် မူကြို ကျောင်းဆောက်ခွင့်ကို ခွင့်မပြုပေ။

“အခုက ရွာကြီး(ကြက်ယက်တွင်း)က ရွာငယ်(မိန်းမချော) ကို အနိုင်ကျင့် တယ်လို့ ပြောခံရနေတယ်”ဟု ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးညီညီက ဆိုသည်။

မိန်းမချောရွာသားများဘက်ကမူ ယင်းမြေကွက်လပ်တွင် ကျန်းမာရေး ဆေးပေးခန်းဆောက်ရန် နောက်ထပ် မြေနေရာ ရှိသေးသဖြင့် မူကြိုဆောက် ခွင့်ကို ခွင့်ပြုသင့်သည်ဟု ဆိုကြသည်။

ပြီးခဲ့သည့် အပတ်က မူကြိုဆောက် သည့် မြေနေရာတွင် မိန်းမချောကျေး ရွာဘက်မှ ဆိုင်းဘုတ်များ လာကပ် သဖြင့် နှစ်ဘက်ရွာသားများအကြား အချေအတင်ဖြစ်ခဲ့ကြကြောင်း နှစ်ဘက် ရွာသားအချို့ထံမှ သိရသည်။

ယခုအပတ်တွင်မူ ကြက်ယက်တွင်း ရွာဘက်မှ သာသနာ့နယ်မြေဟုဆိုကာ ခြံစည်းရိုးလာခတ်သဖြင့် ထပ်မံ၍အချေအတင် ပြန်ဖြစ်ခဲ့ကြောင်း မိန်းမချော ကျေးရွာသူ ဒေါ်မြင့်ချိုက ပြောသည်။

ယင်းကဲ့သို့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကိစ္စကိုဖြေရှင်းပေးရန် တိုင်းအစိုးရနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ထံ ပြီးခဲ့သည့် ဆယ်ရက်ကျော်ခန့်က စာပို့ထားကြောင်း ဒေါ်မြင့်ချိုက ပြောသည်။

“လာစစ်မယ်ဆိုလို့ ကျွန်မတို့တောင် ဝမ်းသာနေသေးတယ်။ ဒါပေမယ့် အခုထိ လာမဖြေရှင်းပေးသေးဘူး”ဟု မိန်းမချောရွာသူ ဒေါ်မြင့်ချိုက ဆိုသည်။

Dawei Watch