တနင်္သာရီရိုးမ ရွှေဒိုင်ယာရီ

725
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကျွန်တော်ငယ်ငယ်က ဆရာဖေမြင့် (အခု ပြန်ကြားရေးဝန်ကြီး)ရဲ့ “ကျွန်းနှင့် အခြားဝတ္ထုတိုများ”စာအုပ်ထဲက ဝတ္ထုတိုတွေကို ထပ်ကာတလဲလဲ စွဲစွဲလန်းလန်းဖတ်ဖူးခဲ့ပါတယ်။ ဒီဝတ္ထုတိုစာအုပ်ထဲမှာ ပါတဲ့ “ရွှေ” ဝတ္ထုတိုကို အခုထိ စွဲလန်းနေရတုန်းပါပဲ။ လက်နက်ကိုင်ပဋိပက္ခတွေရှိနေတဲ့ အန္တရာယ်များလွန်းလှတဲ့ ဒေသမှာ ရွှေသွားတူးတဲ့ ရွှေတူးသမားတစ်ယောက်အကြောင်းပါ။ ဒီဝတ္ထုတိုထဲမှာပါတဲ့ ကျွန်းနှစ်ပင်စခန်း၊ ရွှေဇီးကွက်စခန်း၊ လိပ်တောင်ကြော၊ ငါးဘတ်အိုင်၊ ရွှေနီချောင်း၊ ရွှေပင့်ကူချောင်း စတဲ့ မြန်မာပြည်အရပ်ရပ်က ရွှေထွက်တဲ့နေရာမှာ နာမည်ကြီးတဲ့နေရာနာမည်တွေကိုလည်း စိတ်ထဲမှာ စွဲစွဲလန်းလန်း မှတ်မိနေခဲ့ဖူးပါတယ်။ ရွှေဆိုတာ အမြဲအန္တရာယ်နဲ့ ဒွန်တွဲနေတတ်ပါတယ်တဲ့။ ရွှေသိုက်ဆိုတာ အန္တရာယ်သိုက် ပါပဲတဲ့။

၂၀၁၈ ခုနှစ် ကျွန်တော်တနင်္သာရီမြို့ နယ်ဘက်မှာ အလုပ်ကိစ္စနဲ့ သွားလာလုပ်ကိုင်နေရင်း ဒီလိုရွှေထွက်တဲ့နေရာမှာ နာမည်ကြီးတဲ့ တနင်္သာရီမြစ်အထက်ပိုင်း တနင်္သာရီရိုးမထဲက ရွာတွေဆီကို သွားဖို့ အကြောင်းပေါ်လာခဲ့ပါတယ်။ ဒီဒေသတွေမှာ သွားရင်းလာရင်း တနင်္သာရီမြစ်မကြီးတစ်လျှောက်မှာ လုပ်ကိုင်နေကြတဲ့ ရွှေဖောင်တွေနဲ့ ဒေသခံတွေ ပြောပြတဲ့ရွှေအကြောင်း ပုံပြင်တွေကို မြင်ခွင့်၊ နားထောင်ခွင့်ရခဲ့ပါတယ်။

၂၀၁၂ခုနှစ် မတိုင်မီကာလများမှာ တနင်္သာရီရိုးမထဲကို အပြင်လူတွေ သွားရောက်ဖို့ဆိုတာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းပြီး လက်နက်ကိုင်ပဋိပက္ခတွေကြားထဲမှာ စွန့်စွန့်စားစား သွားရောက်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ တနင်္သာရီရိုးမထဲက ရွာလေးတွေနဲ့ ဒေသခံ ရွာသူရွာသားတွေအတွက်လည်း ရှင်သန်နေထိုင်ရပ်တည်ရတာ ခက်ခဲလွန်းတဲ့အချိန်တွေ ဖြစ်ခဲ့ပါတယ်။ လက်နက်ကိုင် တွေအချင်းချင်း မကြာခဏ ဖြစ်ပွားကြတဲ့ တိုက်ပွဲတွေကြားထဲမှာ ထိုင်းနိုင်ငံဘက်က စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်ခိုလှုံရတာမျိုးတွေ အများအပြား ရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်နောက်ပိုင်းကာလကစလို့ ယာယီအပစ်အခတ် ရပ်စဲရေးစာချုပ်ချုပ်ပြီးတဲ့အချိန်မှာတော့ ဒီပဋိပက္ခတွေ အဆုံးသတ်သွားခဲ့ပြီး ဒေသခံတွေအသက်ရှုချောင်လာခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ တနင်္သာရီရိုးမထဲက တနင်္သာရီမြစ်မကြီး ရဲ့ချောင်းခွဲတစ်ခုဖြစ်တဲ့ ဘော်လူးချောင်း မှာ ရွှေထွက်ရှိတဲ့ သတင်းက နာမည်ဂုဏ် သတင်းကြီးလာခဲ့ပါတယ်။

ရွှေထွက်ရှိတဲ့ စစချင်းအချိန်တွေတုန်းက ဘော်လူးချောင်းထဲမှာ ရွှေအမှုန်လေးတွေလောက်သာ မကဘဲ ပန်းကန်ပြားအရွယ်အစား၊ ဓာတ်ဘူးအရွယ်အစား လောက်ရှိတဲ့ ရွှေရရှိဖူးတဲ့သူတွေ၊ ပိဿာ ချိန်လိုက် အတုံးလိုက်အခဲလိုက် ရရှိခဲ့ဖူးတဲ့သူတွေနဲ့ တစ်နေ့ကို ရွှေအချိန် ၆၀ ကျပ်သားကျော် ရရှိဖူးတဲ့သူတွေတောင် ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီလိုသတင်းတွေကြောင့် တနင်္သာရိုးမရဲ့အောက်ပိုင်းက သာရဘွင်ရွာ၊ တကူရွာတို့က ဒေသခံတွေနဲ့ တနင်္သာရီမြို့နယ်တစ်ဝိုက်က သူတွေပါ ဘော်လူးချောင်းအထိ သွားရောက်ပြီး ရွှေတူးဖော်လုပ်ကိုင်ကြခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ဘော်လူးချောင်း ရွှေသိုက်ရဲ့နာမည်က တနင်္သာရီတစ်ဝိုက်တော့တင် မဟုတ်တော့ဘဲ မြန်မာပြည် အရပ်ရပ်ကို ပျံ့နှံ့သွားခဲ့တဲ့ပုံ ပေါ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းစတဲ့ မြို့ကြီးတွေ ကသူတွေသာ မကတော့ဘဲ မြန်မာပြည် မြောက်ဖျားပိုင်းက ကချင်တိုင်းရင်းသားတွေပါ မြန်မာပြည်တောင်ဖျားပိုင်းက ဘော်လူးချောင်းအထိ ရောက်လာခဲ့ပြီး ရွှေလာတူးခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ပညာတတ်အလွှာလူတန်းစားတွေကစလို့ ဟိုးအောက်ခြေ လက်လုပ်လက်စားသမားတွေအထိ လူတန်းစားအလွှာပေါင်းစုံ ဒီနေရာမှာရွှေလာတူးရင်း ဘော်လူးချောင်းရဲ့ ရွှေအိပ်မက်တွေကို မက်ခဲ့ကြပါတယ်။

ဒီအချိန်တုန်းက ဘော်လူးချောင်း တစ်လျှောက်လုံးမှာ မြန်မာပြည်အနှံ့အပြား ရွှေတူးသမားတွေရဲ့ တဲတွေ၊ သရဘွင်၊ တကူရွာတို့က လာရောက်ဖွင့်ထားတဲ့ ရွှေတူးလုပ်ငန်းအတွက် လိုအပ်တဲ့ကြိုးတွေ၊ စက်အပိုပစ္စည်းတွေ၊ ဆန်၊ ဆီ၊ ဆားစတဲ့ စားနပ်ရိက္ခာတွေနဲ့ အဝတ်အစားတွေ ရောင်းချတဲ့ ဈေးဆိုင်တန်းတွေ အများအပြားရှိခဲ့ပြီး အလွန်စည်ကားနေခဲ့ဖူးပါ တယ်။

ဒီအချိန်က ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ရက်စွဲနဲ့ Eleven Media Group က သတင်းတစ်ပုဒ်ထဲမှာဆိုရင် ဘော်လူးချောင်းမှာ ရွှေရှာနေသူတွေက မြန်မာပြည်မြောက်ပိုင်းကချင်ပြည်နယ်က လာရောက်လုပ်ကိုင်သူ အများဆုံးဖြစ်ပြီး ဒေသခံ ရွှေရှာနေတဲ့သူတွေနဲ့ဆိုရင် လူဦးရေတစ်သောင်းကျော်အထိ ရှိနေခဲ့တယ်လို့ သိရပါတယ်။ ရွှေရှာနေသူတွေအနေနဲ့ နေကြာစေ့အရွယ်ရွှေတုံးလေးတွေ အများအပြားရနေကြပြီး ရွှေအရည်အသွေးကလည်း ၁၅ပဲရည်လောက် ရှိပါတယ်။ “ရွှေရှာတဲ့နေရာမှာ ရွှေအကြောင်းနားလည် တဲ့သူက လိုက်ပြပြီး ရွှေထွက်ရှိတယ်လို့ ယူဆရတဲ့ နေရာကို ပြနိုင်ရင် ဒီမှာရှိတဲ့ ဥယျာဉ်ရှင်ကို ငွေသိန်းဆယ်ဂဏန်းအထိ ပေးပြီး လုပ်ခွင့်ရပါတယ်”လို့ ဒီသတင်းထဲမှာ ရေးသားဖော်ပြထားပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ဘော်လူးချောင်းမှာ ရွှေထွက်ရှိမှု၊ ရွှေရမှုတွေ နည်းလာခဲ့ပြီး ရွှေတူးသမားတွေလည်း ရွှေထွက်ရှိမှု ပင်မ အရင်းခံဖြစ်တဲ့ တနင်္သာရီမြစ်မကြီးရဲ့ အထက်အဖျားပိုင်းဆီ တဖြည်းဖြည်း ရွှေ့ပြောင်းလုပ်ကိုင်လာခဲ့ကြပါတယ်။ ဒီလို လုပ်ကိုင်နိုင်ဖို့အတွက် သက်ဆိုင်ရာလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နားလည်မှုယူရတယ်လို့ သိရပါတယ်။

ဒီလို တောတောင်ရိုးမတွေထဲမှာ အစိုးရိမ်ရဆုံးကတော့ ငှက်ဖျားရောဂါ အန္တရာယ်ဖြစ်ပါတယ်။ ဒါပေမယ့် တနင်္သာရီ ရိုးမထဲကို သွားလာရေး လွယ်ကူသွားတဲ့ အချိန်ကစလို့ Psi Myanmar (Population Services International Myanmar ) နဲ့ ARC ( American Refugge Comittee) လို NGO အဖွဲ့အစည်းတွေကနေ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးစီမံကိန်းတွေနဲ့ ဒေသခံရွာသူရွာသားတွေကို ငှက်ဖျားရောဂါအကြောင်း ကျန်းမာရေး အသိပညာပေးတာ၊ ရွာတိုင်းဆီမှာ ငှက်ဖျားရောဂါပိုး ရှိ၊ မရှိစစ်ဆေးပေးနိုင်မယ့် ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေကို သင်တန်းတွေပေးပြီးထားရှိပေးတာ၊ ရွှေဖောင်တွေဆီကိုလည်း ခြင်ထောင်တွေ လိုက်ဝေပေးတာတွေကြောင့် ငှက်ဖျားရောဂါကြောင့် အသက်ဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေ လျော့နည်းလာခဲ့ပြီး တနင်္သာရီမြစ်မကြီးမှာ မိုးရာသီကာလကလွဲလို့ နွေရာသီ နဲ့ ဆောင်းရာသီကာလတွေမှာ ရွှေရှာသူတွေ အဆက်မပြတ် ရှိနေခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

မိုးရဲ