ထားဝယ်-သရက်ချောင်း ရထားလမ်း မြေယာလျော်ကြေးပေးရန် စပြင်

0
1304

ထားဝယ်-သရက်ချောင်း မီးရထား လမ်းအတွက် သိမ်းဆည်းခံလယ်ယာမြေများကို လျော်ကြေးပေးရန် ယခုဘဏ္ဍာ နှစ် ဖြည့်စွက်ရန်ပုံငွေတောင်းခံချိန်တွင် လျာထားတောင်းခံမည် ဖြစ်ကြောင်း ပြည်ထောင်စု ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

ထားဝယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန်၏ ကြယ်ပွင့်မပြမေးခွန်းဖြင့် ဒုတိယ အကြိမ်မေးမြန်းမှုကို ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပေးလျော်ရန် လျော်ကြေး တန်ဖိုးများတွက်ချက်၍ ထားဝယ်မြို့ နယ်နှင့် ထားဝယ်ခရိုင် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့တို့မှတစ်ဆင့် တိုင်းဒေသ ကြီးနှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တို့၏ အဆင့်ဆင့်အတည်ပြုချက် များရယူရန် ကျန်နေသေးကြောင်း ပြည်ထောင်စုဝန်ကြီးက ဒီဇင်ဘာလ၆ ရက်တွင် စာဖြင့်ဖြေဆိုခဲ့သည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ လျော်ကြေးတန်ဖိုးအတည်ပြုချက်ကို တနင်္သာရီတိုင်း လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီမှ ယခုဘဏ္ဍာနှစ်ဖြည့်စွက် ရန်ပုံငွေတောင်းခံချိန်အမီ မြန်မာ့မီး ရထားသို့ အကြောင်းကြားလာပါက လျာထားတောင်းခံမည်ဖြစ်ပြီး ခွင့်ပြုပါက လျော်ကြေးပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေသည်။

ထားဝယ်-သရက်ချောင်းမီးရထား လမ်းလျော်ကြေးနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင် စိန်က ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ပထမအကြိမ် မေးမြန်းခဲ့ဖူးပြီး မြေယာ လျော်ကြေးငွေပေးနိုင်ရန် ဆောင်ရွက် သွားမည်ဟု ပြည်ထောင်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန် ကြီးက ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြေဆိုထားသည်။

မြေယာလျော်ကြေးပေးရန် လက်ရှိ တွင် မည်သို့လုပ်ဆောင်နေပြီး မည်သည့် အဆင့်သို့ ရောက်ရှိနေသည်ကို သိရှိနိုင် ရန် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ထပ်မံ မေးမြန်းရခြင်းဖြစ်ကြောင်း ဦးအောင်စိန် က ဆိုသည်။

“ပေးမယ်လို့ပြောထားတော့ လယ် သမားတွေကလည်း စောင့်စားနေတာ ပေါ့နော်။ ကတိတစ်ခုပေးထားပြီးသား ဆိုတော့ ကတိကို အကောင်အထည်ဖော်ဖို့ အတွက် အစိုးရမှာလည်း တာဝန်ရှိတယ်။ ကျွန်တော့်မှာလည်း တာဝန်ရှိတယ်”ဟု ဦးအောင်စိန်က ပြောသည်။

မီးရထားလမ်းအတွက် ထားဝယ် မြို့နယ်အတွင်း မြေ ၁၄၈ ဒသမ ၉၅ ဧကနှင့် သရက်ချောင်း မြို့နယ်အတွင်း ၃၂၃ ဒသမ ၅၀ ဧကကို သိမ်းဆည်းခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။

မီးရထားလမ်းဖောက်ရာတွင် ရထား သံလမ်းမှ တစ်ဖက်တစ်ချက်ကို ၇၅ ပေ စုစုပေါင်း ပေ ၁၅၀ သိမ်းဆည်းခဲ့သည့် အတွက် ပိုင်ဆိုင်သည့် လယ်မှာ ရထားလမ်းကြောင့် နှစ်ခြမ်းကွဲသွားခဲ့ကြောင်း ထားဝယ်မြို့၊ ကျောက်မော်ကြီးရပ်ကွက်မှ လယ် ၁၆ ဧကပိုင်ဆိုင်သည့် ဦးလှအောင်က ဆိုသည်။

ရထားလမ်းတစ်ဖက်ရှိ လယ်အတွင်း သို့ ထွန်စက်၊ ခြွေလှေ့စက်များ မသွား နိုင်တော့သဖြင့် လက်ရှိတွင် လယ်လုပ်၍ မရတော့ကြောင်း ၎င်းက ပြောသည်။

“လျော်ကြေးရမယ်ဆိုတော့ ကောင်းတာပေါ့။ အတိုင်းအထက်အလွန် ပေါ့ဗျာ”ဟု ဦးလှအောင်က ဆိုသည်။

သရက်ချောင်း- မြိတ် မီးရထား လမ်းပိုင်းတွင် သိမ်းဆည်းခံထားရသည့် လယ်ယာမြေများကိုမူ မူလပိုင်ရှင်ထံ ပြန်ပေး မည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ပြည်ထောင်စု ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ဖြေဆိုထားသည်။

လယ်ယာမြေများ သိမ်းဆည်းပြီး မီးရထားလမ်းဖောက်ထားသော်လည်း ရထားလမ်းမှာ အသုံးပြုခြင်း မရှိပေ။

Dawei Watch