ချောင်းကောမြောင်းကော တူးဖော်ရန် သိန်းခြောက်ထောင်ကျော်

0
526

တနင်္သာရီတိုင်းအတွင်းရှိ ချောင်းကော မြောင်းကောများကို ငွေကျပ်သိန်း ခြောက်ထောင်နီးပါး အသုံးပြုကာ တူးဖော် မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ချောင်းကောမြောင်းကော တူး ဖော်ရန် ငွေကျပ်သိန်းပေါင်း ၅၇၃၀ လျာထားပြီး တူးဖော်မည့်လုပ်ငန်းအုပ်စု (Lot) ၁၄ ခုခွဲထားကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

ချောင်းကောမြောင်းကောတူးဖော် မည့် လုပ်ငန်းများအတွက် ဒီဇင်ဘာလ ဆန်းပိုင်းက အိတ်ဖွင့်တင်ဒါခေါ်ထားပြီး ကုမ္ပဏီ ၃၁ ခုက တင်ဒါလျှောက်လွှာတင် ထားကြောင်း ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဝင်းက ဆိုသည်။

လက်ရှိတွင် တင်ဒါအောင်ကုမ္ပဏီ ကို မရွေးချယ်ရသေးဘဲ တိုင်းအစိုးရအဖွဲ့ ဝင်ဝန်ကြီး တက်ရောက်နိုင်မည့်အချိန်ကို စောင့်နေကြောင်း ၎င်းက ပြောသည်။

“လုပ်ရမှာက ဒီဘဏ္ဍာနှစ်ထဲမှာ အပြီးလုပ်ရမယ်”ဟု ဦးစိုးဝင်းက ဆိုသည်။

အထက်ပါ ချောင်းကောမြောင်းကော လုပ်ငန်းများအပြင် တာတမံအငယ်စားများလုပ်ရန် တင်ဒါထပ်ခေါ်ရန်ရှိသေးကြောင်း ၎င်းက ပြောသည်။

အထက်ပါ ဘတ်ဂျက်ငွေဖြင့် လောင်းလုံး၊ သရက်ချောင်း၊ မြိတ်၊ ပုလော၊ တနင်္သာရီ၊ ကော့သောင်းမြို့နယ်များရှိ ချောင်းကောမြောင်းကော အချို့ကို တူးဖော်မည်ဖြစ်သည်။

Dawei Watch