“သမီးတို့ ဘယ်ကိုရောက်နေမှန်းလည်း မသိဘူးတဲ့”

0
796

ပျောက်ဆုံးအမျိုးသမီးငယ် ဖုန်းဆက်၊ အဖမ်းခံထားရဟု ဆိုပြီးနောက် အဆက်ပြတ်

ထားဝယ်မြို့၊ သင်္ဘောဆိပ်ရပ်ကွက် နေ ပျောက်ဆုံးနေသည့် အိမ်ထောင်ရှင် အမျိုးသမီးငယ်က ၎င်းဖမ်းဆီးခံထားရ သည်ဟု ဖုန်းဆက်လာကြောင်း အမျိုး သမီးငယ်၏ မိခင်ဖြစ်သူက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက် ညနေပိုင်းတွင် နေအိမ်မှ ပျောက်ဆုံးသွား ခဲ့သည့် အသက် ၂၂ နှစ်အရွယ်ရှိ မယုဇနဝေ ခေါ် ညီမလေးက ပျောက်ဆုံးပြီး အချိန် တစ်ပတ်အကြာတွင် ၎င်းထံဖုန်းဖြင့် ဆက်သွယ်ပြောဆိုလာကြောင်း မိခင်ဖြစ်သူ ဒေါ်ညွန့်စိန်က ဆိုသည်။

သူမသည် ဒီဇင်ဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကမ်းနားဈေးအနီး ရှိ နေအိမ်သို့ သွားခဲ့ပြီး ညနေ ၄ နာရီ ခန့်တွင် အိပ်ခန်းအတွင်း ဝင်နှိုးချိန်တွင်မှ ပျောက်ဆုံးနေသည်ကို သိရကြောင်း ၎င်း က ဆိုသည်။

ပျောက်ဆုံးပြီးနောက် ဒီဇင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းတွင် Mytel ဆင်းကတ်ဖြင့် ဆက်သွယ်လာပြီး ၎င်းမှာ မည်သည့်နေရာကို ရောက်ရှိနေမှန်း မသိဘဲ ပင်လယ်ကမ်းခြေကိုသာ မြင်တွေ့ ရသည်ဟု ငိုယိုပြီးပြောဆိုခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်ညွန့်စိန်က ပြောသည်။

“သမီးတို့ ဘယ်ကိုရောက်နေမှန်းလည်း မသိဘူးတဲ့။ သမီးတို့ကိုဖမ်းထား တယ်တဲ့။ မိန်းကလေးတွေချည်း ငါးယောက်ရှိတယ်တဲ့၊ ဖုန်းလည်းမရှိ တော့ဘူးတဲ့။ လက်ဝတ်လက်စားတွေ လည်း မရှိတော့ဘူးတဲ့၊ နီးတဲ့ရဲစခန်းကို သွားတိုင်လို့ပြောတော့ ကြည့်လိုက်တာ ပင်လယ်ကမ်းခြေ ပဲ ရှိတယ်တဲ့”ဟု ဒေါ်ညွန့်စိန်က ဆိုသည်။

ယင်းသို့ပြောဆိုနေချိန်တွင် တစ်စုံ တစ်ဦးက ဖုန်းကိုလုယူလိုက်သည့်ပုံစံ ဖြစ်သွားကာ ဖုန်းချသွားခဲ့ကြောင်း ၎င်းက ပြောသည်။

အထက်ပါ ဖုန်းကို ထပ်မံခေါ်ဆိုရာ စက်ပိတ်ထားသည်ဟုသာ ပြန်လည် ဖြေဆိုနေခဲ့ကြောင်း ဒေါ်ညွန့်စိန်က ဆိုသည်။

သမီးဖြစ်သူ အိမ်တွင်နေထိုင်စဉ်က ကိုင်ဆောင်နေသည့် ဖုန်းကို ဆက်သွယ် သော်လည်း စက်ပိတ်ထားကြောင်း ၎င်းက ပြောသည်။

“ဘယ်လိုထင်ရမှန်းကို မသိဘူး။ မြို့မလယ်ခေါင်မှာ ဖြစ်သွားတာ”ဟု ဒေါ်ညွန့်စိန်က ဆိုသည်။

မယုဇနဝေနှင့် ခင်ပွန်းဖြစ်သူမှာ စကားများလေ့ရှိသော်လည်း ပျောက်ဆုံးသည့်နေ့တွင် စကားများရန်ဖြစ် ခြင်းလည်း မရှိခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်ညွန့်စိန်က ပြောသည်။

သမီးဖြစ်သူ ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ထားဝယ်မြို့မရဲစခန်းတွင် လူပျောက်တိုင်ကြားထားသည်။

ထားဝယ်ရဲစခန်းတွင် လူပျောက်မှု အမှတ်စဉ် ၃/၂၀၁၉ ဖြင့် အမှုဖွင့်ထားပြီး စုံစမ်းနေကြောင်း စခန်းမှူး ဒုရဲမှူး အောင်နိုင်မိုးက ဆိုသည်။

မိခင်ဖြစ်သူထံ Mytel ဆင်းကတ် ဖြင့် ဆက်သွယ်လာသည့်အတွက် ဖုန်း၏ တည်နေရာကို သိရှိနိုင်ရန် အော်ပရေတာ ကို မေးမြန်းထားကြောင်း ၎င်းက ပြောသည်။

ထို့အပြင် လူပျောက်ဆုံးမှုနှင့် ပတ်သက်၍ တိုင်းအတွင်းရှိ ရဲတပ်ဖွဲ့၊ စခန်းများကို ဓာတ်ပုံနှင့်တကွ ဖြန့်ဝေ ထားပြီး လူကုန်ကူးမှုနှင့်လည်း ဆက်စပ် သွားနိုင်သည့်အတွက် လူကုန်တားရဲတပ် ဖွဲ့ထံ မိတ္တူပေးပို့ထားကြောင်း ဒုရဲမှူး အောင်နိုင်မိုးက ဆိုသည်။

“လူပျောက်လာရင် ဒါမျိုးတွေက ဆက်စပ်နိုင်တဲ့အတွက် လူကုန်တားကို တော့ ချိတ်ဆက်ပြီး ပြောထားတယ်”ဟု ၎င်းက ပြောသည်။

ယခုနှစ်အတွင်း ထားဝယ်မြို့မ ရဲစခန်းတွင် လူပျောက်မှု သုံးမှုဖွင့်ထား ပြီး ကျန်သည့်အခြားနှစ်မှုမှာ ပြန်လည် တွေ့ရှိပြီးဖြစ်ကြောင်း အထက်ပါရဲစခန်း ထံမှ သိရသည်။

Dawei Watch