ဆောင်းခိုငှက် နေရာများကို သတင်းပေးပါ

0
1281

တနင်္သာရီတိုင်း နေရာအနှံ့အပြား သို့ ဝင်ရောက်လာသော ဆောင်းခိုငှက် များရှိသည့် နေရာများကို သတင်းပေး နိုင်သည်ဟု တိုင်းသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဖေချစ်က ပြောသည်။

ယခုနှစ်ဆောင်းရာသီတွင် တနင်္သာရီ တိုင်းနေရာအနှံအပြားသို့ ဝင်ရောက် လာသော ဆောင်းခို ခရုစုပ်ငှက်များကို ဒေသခံများက အဆိပ်ကျွေးခြင်း၊ ကျော့ကွင်းထောင်ဖမ်းခြင်း၊ လေးခွဖြင့်ပစ်ခြင်း၊ သတ်ဖြတ်ရောင်းချကာ စားသုံးခြင်းများ မပြုလုပ်ရန်အတွက် ဆောင်းခိုငှက်များ လာရောက် သည့်နေရာများတွင် သတိပေးဆိုင်းဘုတ်များ စိုက်ထူပေးရန်အတွက် သတင်းပေးနိုင်သည်ဟု ဦးဖေချစ်က ပြောသည်။

“တကယ်ကျတဲ့နေရာတွေကို သိချင် တယ်။ အဲလိုနေရာတွေမှာ သတိပေး ဆိုင်းဘုတ်တွေ ထောင်ချင်တယ်။ ဆောင်း ခိုငှက်တွေ ဘယ်နေရာတွေကိုလာလဲ။ ဘယ်နေရာတွေမှာ အကျများလဲဆိုတာကို သတင်းပေးစေချင်တယ်” ဟု ဦးဖေချစ်က ဆိုသည်။

ယင်းကြောင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)နှင့် နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ ဇန်နဝါရီ ဒုတိယအပတ်ခန့်တွင် ပညာပေးဆိုင်းဘုတ်စိုက်ထူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆောင်းခိုငှက်များကို တနင်္သာရီ တိုင်းဒေသကြီးအတွင်း သတ်ဖြတ်စား သောက်မှုများ ရှိလာသဖြင့် ထိုသို့ ပညာပေးရန် စီစဉ်နေခြင်း ဖြစ်သည်။

ငှက်များသည် တောင်သူလယ် သမားများ၏ စိုက်ခင်း၊ သီးနှံများတွင် ကျရောက်သည့် ခရုများ၊ ပိုးမွှားအန္တရာယ် များကို ရှင်းလင်းခြင်း၊ အပုပ်အသိုးများကို ရှင်းလင်းသုတ်သင်ခြင်း၊ ဝတ်မှုံကူးခြင်း နှင့် မျိုးစေ့ဖြန့်ကျဲခြင်း၊ ကြွက်များနှင့် မြွေများကို ရှင်းလင်းသုတ်သင်ခြင်းစသည့် အပြုအမူများဖြင့် လူတို့အား အကျိုးပြုကြောင်း ဦးဖေချစ်က ပြောသည်။

ငှက်သားစားပါက H1N1 အပြင်း ဖျားတုပ်ကွေးရောဂါ၊ ခရုသင်း၊ သမင်ဖြူ ရောဂါ၊ နူနာရောဂါ၊ အနာကြီးရောဂါ များဖြစ်နိုင်ခြင်း စသည့် ဆောင်ရန် ရှောင်ရန်များကို ဗွီနိုင်းစာပြားထောင်ကာ ဖော်ပြထားပါက လုံး၀ကာကွယ်ထားသည့် တိရစ္ဆာန်များ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း၊ မသိ၍ ဖမ်းဆီးရောင်းချ သတ်ဖြတ်ခြင်းများ လျော့နည်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြိတ်မြို့အနီးရှိ ရှမ်းချောင်းကြီး၊ ရွှေပေး၊ စန္တဝတ်၊ ကျွဲကူးနှင့် ရေမြစ်ကြီး ကျေးရွာတစ်ဝိုက်တွင် ပြီးခဲ့သည့်ဒီဇင်ဘာ တတိယပတ်ခန့်မှစတင်ကာ အဆိုပါငှက်အများအပြားရောက်ရှိလာ ကြောင်းယင်းရွာသားများက ပြောသည်။

ဆောင်းခိုငှက်ခရုစုပ်ငှက်များသည် ယင်းကျေးရွာအနီးတစ်ဝိုက်ရှိလယ်ကွင်းများနှင့် ရေအိုင်ရှိသည့်နေရာများတွင် နံနက်ခင်းနှင့် ညနေအချိန်များတွင်လာရောက် အစာရှာဖွေစားသောက်နေကြသည်ဟု ရေမြစ်ကြီးရွာနေဦးမြင့်စိုးက ပြောသည်။

“အကောင်ရေ တစ်ရာကျော်လောက် တော့ရှိမယ်။ ရေအင်းတွေမှာလာပြီး အစာရှာဖွေစားသောက် နေကြတယ်”ဟု၎င်းက ပြောသည်။

စရောက်သည့်တစ်ရက်နှစ်ရက်ခန့် က ရွာရှိကလေးအချို့ ပစ်ခတ်ဖမ်းဆီးမှု ရှိခဲ့သော်လည်း သစ်တောဌာနမှ အရေးယူမည်ဟု သိရပြီး နောက်ပိုင်း ကလေးများ ပစ်ခတ် ဖမ်းဆီးခြင်း မရှိတော့ကြောင်း ယင်းကျေးရွာများရှိ ရွာသားတစ်ချို့ထံမှ သိရသည်။

သစ်တောဦးစီးဌာနမှ ၂၀၁၈ ခုနှစ် တွင် ပြဋ္ဌာန်းထားသော ဇီ၀မျိုးစုံးမျိုးကွဲ နှင့်သဘာ၀ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ-၄၁၊ ပုဒ်မခွဲ(က)တွင် လုံး၀ကာ ကွယ်ထားသည့် တိရစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း(သို့မဟုတ်) အနာတရဖြစ်စေခြင်း၊ စုဆောင်းခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ယင်း တိရစ္ဆာန်ကိုဖြစ်စေ၊ ယင်းတို့ အစိတ် အပိုင်းကိုဖြစ်စေ ဆင့်ပွားထုတ်လုပ်ထား သော ပစ္စည်းကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ဆောင်ခြင်း ပြုလျှင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ် နိုင်သည်ဟု ဖော်ပြထားသည်။

ကိုဆန်း၊ မိုးမြင့်