VMS တပ် ငါးဖမ်းလှေ မြိတ်မှ စောင့်ကြည့်မည်

0
522

စောင့်ကြည့်ထိန်းချုပ် လေ့လာ ရေးစနစ်(VMS) တပ်ဆင်ထားသည့် ငါးဖမ်းငါးသယ်လှေများကို ၂၀၂၀ ခုနှစ် မှစတင်ကာ မြိတ်မြို့ရှိ ထိန်းချုပ်ရေး စင်တာမှ တိုက်ရိုက်စောင့်ကြည့်တော့ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသေကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

တိုင်းအတွင်း ကမ်းဝေးငါးဖမ်းငါး သယ်လှေ ၁၅၂၇ စီးရှိသည့်အနက် ၁၄၅၀ စီးတွင် VMS စနစ်တပ်ဆင်ပြီး ဖြစ်ကာ ကျန်သည့်လှေများက တပ်ဆင် ရန် စာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း အထက်ပါ ဌာနစာရင်းအရ သိရသည်။

မြိတ်မြို့၊ ကလွင်ရပ်ကွက်ရှိ ဌာန ပိုင်မြေပေါ်တွင် ငွေကျပ် ၉၃၆ သိန်း အသုံးပြုကာ VMS စနစ် ထိန်းချုပ်ရေး စင်တာ သုံးထပ်အဆောက်အအုံကို ယခု ဘဏ္ဍာနှစ်အပြီး ဆောက်လုပ်မည်ဖြစ် သည်။

ယင်းအဆောက်အအုံမပြီးမီ ကြားကာလတွင် မြိတ်မြို့ရှိ ငါးဦးစီးဌာန တွင် ယာယီရုံးခန်းဖွင့်ကာ စောင့်ကြည့် ထိန်းချုပ် နေမည်ဖြစ်ကြောင်း ငါးလုပ် ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသံချောင်းက ဆိုသည်။

ထိန်းချုပ်ရေးစင်တာတွင် တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းနှစ်ဦးကို နေပြည်တော်ရှိ ဗဟိုထိန်းချုပ်ရေးစင်တာတွင် ပို့ချမည့်သင်တန်းသို့ စေလွှတ်ရန် ပြင်ဆင်နေကြောင်း ၎င်းက ပြောသည်။

အထက်ပါ သင်တန်းသားနှစ်ဦး သင်တန်းဆင်းလာပါက ယာယီထိန်းချုပ် ခန်းတွင် အသုံးပြုရန် ကွန်ပြူတာ ၄ လုံး၊ TV မော်နီတာ ၁ လုံး၊ ပရိုဂျက်တာ၊ မိတ္တူကူးစက် ၃လုံးကို တိုင်းဒေသကြီး ဘတ်ဂျက် ကျပ်သိန်း ၉၀ အသုံးပြုကာ တပ်ဆင်မည်ဖြစ်ကြောင်း ဦးသံချောင်းက ဆိုသည်။

လက်ရှိတွင် VMS စနစ် တပ်ဆင်ပြီး လှေများကို နေပြည်တော်ရှိ ဗဟိုထိန်း ချုပ်ရေးစင်တာမှ တိုက်ရိုက်စောင့်ကြည့် နေပြီး မြိတ်မြို့မှလည်း စောင့်ကြည့် နေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ရေယာဉ်တစ်စီးရပ်နေရင် ထိလိုက်တာနဲ့ အသေးစိတ်ပေါ်မယ်။ ဒီရေယာဉ် က ဘယ်ဆိပ်ကမ်းက ထွက်လာတယ်။ ဘယ်မြို့နယ်က၊ ပိုင်ရှင်ဘယ်သူဆိုတာ ကအစ ပေါ်လာမယ်”ဟု တိုင်းဒေသ ကြီးဦးစီးမှူး ဦးသံချောင်းက ဆိုသည်။

ငါးဖမ်လှေများ ပင်လယ်ပြင်တွင် ရာသီအလိုက် ငါးဖမ်းဆီးရရှိမှုအခြေ အနေ၊ ငါးအမျိုးအစား အစရှိသည့် အချက်အလက်များကိုလည်း ထိန်းချုပ် ရေးစင်တာမှ သိရှိနိုင်ကြောင်း ၎င်းက ပြောသည်။

ငါးဖမ်းလှေများသာမက ငါးသယ် လှေများကိုလည်း ထွက်ခွာလာသည့် ဆိပ်ကမ်းတွင် စနစ်တကျ စိစစ်ထွက်ခွာ ခြင်းရှိ/မရှိကို နေပြည်တော်နှင့် မြိတ်မြို့ ရှိ ထိန်းချုပ်ရေးစင်တာတို့မှ စောင့်ကြည့် နေမည်ဖြစ်ကြောင်း ဦးသံချောင်းက ဆိုသည်။

“သက်ဆိုင်ရာဆိပ်ကမ်းမှာရှိတဲ့ ဝန်ထမ်းတွေအနေနဲ့လည်းပဲ မရိုးမသား လုပ်မှု ဘာညာတွေလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒါတစ်ခုက တော်တော် ကောင်းတယ်”ဟု တိုင်းဦးစီးမှူး ဦးသံချောင်း က ပြောသည်။

ထိန်းချုပ်ရေးစင်တာအနေဖြင့် စောင့်ကြည့်ခြင်းအပြင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း ကျွန်းစုမြို့နေ ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်တစ်ဦးဖြစ် သူ ဦးဝင်းစိုးက ဆိုသည်။

VMS စနစ်တပ်ဆင်ရန် တင်ဒါ အောင်ထားသည့် ကုမ္ပဏီ ၆ ခုရှိပြီး ယင်းစနစ်ကို တပ်ဆင်ပါက ကနဦး တပ်ဆင်ခအဖြစ် အမေရိကန်ဒေါ်လာ ၇၀၀ မှ ၈၅၀ အထိ ကျသင့်မည်ဖြစ်ပြီး လစဉ်ကြေးအဖြစ် ၄၅ ဒေါ်လာပေးသွင်း ရမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

VMS စနစ်တပ်ဆင်ရန် ကုမ္ပဏီ နှင့် စာချုပ်မချုပ်ဆိုသေးသည့် ကမ်းဝေးငါးဖမ်းလှေများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ လ ၁ ရက်မှစတင်ကာ ငါးဖမ်းခွင့်မပြုတော့ကြောင်း အထက်ပါ ဌာနထံမှ သိရ သည်။

စာချုပ်ချုပ်ဆိုပြီးဖြစ်သော်လည်း ဠMS တပ်မည့် ကုမ္ပဏီ၏ အားနည်းချက်ကြောင့် မတပ်ဆင်ရသေးပါက ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ငါးဖမ်းခွင့်ပြုထားကြောင်း ယင်းဌာနထံမှ သိရသည်။

Dawei Watch