ထီးခီးစက်မှုဇုန် ဖြစ်မြောက်နိုင်စွမ်း လေ့လာရန် လက်မှတ်ထိုးမည်

0
462

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ထီးခီးစက်မှုဇုန်ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်းလေ့လာရန် နားလည်မှု စာချွန်လွှာ (MoU) ထိုးရန် ပြင်ဆင်နေကြောင်း Sun and Rainbow ကုမ္ပဏီ ဒါရိုက်တာ ဦးရဲမြင့်က ဆိုသည်။

စက်မှုဇုန်နှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင်MoU ထိုးရန် အကြမ်းဖျင်း သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။

ထီးခီး (မယ့်သမီးခီး) စက်မှုဇုန်ဖော်ဆောင်မည့် Mae Tha Mee Khee Region Industrial ကုမ္ပဏီမှာ တပ်မဟာ၄ KNU (မြိတ်-ထားဝယ် ခရိုင်)၏ စီးပွားရေးလုပ်ဆောင်ပေးနေသည့် Noble Prince ကုမ္ပဏီနှင့် KNU ကိုယ်စားပြု ကုမ္ပဏီတစ်ခုဖြစ်သည့် Sun and Rainbow ကုမ္ပဏီ ပေါင်းထားခြင်း ဖြစ်သည်။

ထီးခီးစက်မှုဇုန်ကို ယခင်က မြေ အကျယ်အဝန်း ၆၆၇၆ ဧကပေါ်တွင် အကောင်အထည်ဖော်ရန် လုပ်ဆောင်နေရာမှ လက်ရှိတွင် စက်မှုဇုန်အတွင်းရှိ သစ်တောနယ်မြေတစ်ခုကို ချန်လှပ်ပေးရ မည်ဖြစ်ကြောင်း ဦးရဲမြင့်က ဆိုသည်။

သစ်တောနေရာအဖြစ် ချန်လှပ်ရမည့် မြေအကျယ်အဝန်းမှာ ၁၁၅၀ ဧကရှိသည့်အတွက် ကုမ္ပဏီအနေဖြင့် ၅၅၂၆ ဧကပေါ်တွင် စီမံကိန်း အကောင်အထည်ဖော်ရမည်ဖြစ်သည်။

“မြေကိစ္စကို သစ်တောက စက်မှု ဇုန်ထဲက ဧရိယာတစ်ခုကို ပြန်နုတ်ပေးတာပေါ့။ ကုမ္ပဏီက Green Zone လုပ်ဖို့ လုပ်ထားတာ”ဟု ဦးရဲမြင့်က ပြောသည်။

စက်မှုဇုန်နှင့် ပတ်သက်၍ ဖြစ်နိုင် စွမ်းရှိ/မရှိ MoU ထိုးပြီးပါက စီးပွားရေး ကော်မတီ၊ ပြည်ထောင်စု အစိုးရ၊ ဗဟို မြေလွတ်မြေလပ် စီမံခန့်ခွဲရေးကော်မတီ အစသဖြင့် ဆက်လက်တင်ပြလုပ်ဆောင်ရမည့် အဆင့်အချို့ ကျန်နေသေးသည်။

Dawei Watch