“ပေးမှလုပ်တယ်”ဆိုသည့်စကား ကြားနေရသေးဟု မြိတ် ၈၈ အဖွဲ့ ပြောဆို

0
397

အစိုးရဌာနဆိုင်ရာများအနေဖြင့် ပေးမှ အလုပ်လုပ်သည်ဆိုသည့်စကား ငယ်ငယ်ကတည်းက ယခုအထိကြားနေ ရသေးဟု မြိတ်ခရိုင်၈၈အဖွဲ့မှ ပြောဆိုဝေဖန်လိုက်သည်။

မြိတ်ကမ်းနားလမ်း ပုလဲရတနာခန်းမ တွင် ပြုလုပ်သည့် ၁၆ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့တွင် မြိတ်၈၈အဖွဲ့မှ လူထုဆက်ဆံရေးတာဝန်ခံ ဦးလှမော်က အထက်ပါအတိုင်း ပြောဆိုဝေဖန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အဂတိလိုက်စား မှုသည် နှစ်ပေါင်းများစွာကတည်းက ကင်ဆာသဖွယ် အမြစ်တွယ်နေပြီး လက်ရှိ အချိန်ထိ ယင်းနှင့်ပတ်သက်၍ အစိုးရ၏ ကိုင်တွယ်မှုကို အားမရသေးဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“အမှုတစ်ခုဖြစ်ရင် ဘယ်လို တရားစွဲစွဲ ဆင်းရဲတဲ့သူက အမြဲတမ်းရှုံး နေသေးတယ်။ အဂတိလိုက်စားမှုရဲ့ အဝန်းအဝိုင်းကြား လက်ရှိအချိန်အထိ ခံနေရသေးတယ်”ဟု ဦးလှမော်က ဆိုသည်။

ဌာနအတွင်း အဂတိလိုက်စားမှုနှင့် ပတ်သက်၍ သိသာထင်ရှားပြီး ခိုင်လုံလျှင် အရေးယူရန် အဆင်သင့်ရှိနေကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးကျော်မင်းက ပြောသည်။

နိုင်ငံတော်သမ္မတမှ ဦးဆောင်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်ကို ဖွဲ့စည်းပြီးဆောင်ရွက်နေသလို မိမိ၏ဌာနနှင့်ပတ်သက်သည့်လုပ်ငန်းများတွင်လည်း အဂတိလိုက်စားမှုကို အတတ်နိုင်ဆုံး လေ့လာစောင့်ကြည့်နေကြောင်း ၎င်းက ဆိုသည်။

“အကယ်၍ သိသာထင်ရှားပြီး ခိုင်လုံလျှင် အရေးယူဖို့ အဆင်သင့် ရှိနေတယ်ဆိုတာကို ပြောကြားလိုပါတယ်”ဟု ဝန်ကြီးက ပြောသည်။

အဆိုပါ အခမ်းအနားကို ဖွံ့ဖြိုးရေး မဏ္ဍိုင်အဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ မိမိတို့ လေ့လာသိရှိထားရသလောက် တနင်္သာရီတိုင်းအတွင်း အဂတိ လိုက်စားမှု အများဆုံးသည် လူဝင်မှုကြီး ကြပ်ရေးဌာနဖြစ်ပြီး ဒုတိယအနေနှင့် တရားရေး နှင့် ရဲဌာနများဖြစ်သည်ကိုတွေ့ရှိရကြောင်းCEIMNI Network အရပ်ဘက်ပူးပေါင်းပါဝင်မှု ရှေ့ဆောင် အဖွဲ့မှ ဦးတင့်လွင်က ပြောသည်။

မြိတ်မြို့တွင် ပြုလုပ်သည့် ယင်း အခမ်းအနားသို့ ဖိတ်ကြားထားသည့် အစိုးရဌာနဆိုင်ရာများ လာရောက်ခြင်း မရှိသည့်အပေါ် အားရကျေနပ်မှု မရှိကြောင်း ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ စီမံကိန်း ဒါရိုက်တာ ဦးညီညီအောင်က ပြောဆိုသည်။

“ကျွန်တော်တို့က စောင့်ကြည့်ပြီး သူတို့ကို အပြစ်ပြောတာဆိုတာထက် နိုင်ငံရေးစနစ်တစ်ခုရဲ့ လမ်းကြောင်း မှန်ကို အတူတကွသွားလို့ရအောင် ဖိတ်ကြားခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ကိုဆန်း