အိမ်ထောင်ရှင် အမျိုးသမီး ခိုးရာလိုက်ပြေး၊ အမိမခံဘဲ နှစ်ဦးစလုံး အဆိပ်သောက်

0
888

တနင်္သာရီမြို့နယ်ရှိ ရော်ဘာခြံ တစ်ခြံတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့က အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦး ချစ်သူနှင့်ခိုးရာလိုက်ပြေးရာမှ ခင်ပွန်းသည် လိုက်ရှာသဖြင့် ချစ်သူနှစ်ဦးက အဆိပ် သောက်ကာ ဓားဖြင့်ထိုးပြီး သေကြောင်းကြံခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

တကူကျေးရွာအုပ်စုရှိ ရော်ဘာခြံ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်ရှိ အိမ်ထောင်ရှင် အမျိုးသမီး နှင့် ၎င်း၏ချစ်သူဖြစ်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတို့က သတ်သေခဲ့ ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ရော်ဘာခြံအတွင်းရှိ တဲအတွင်း လူနှစ် ဦးဒဏ်ရာများရရှိထားကြောင်း သတင်းရသည့်အတွက် သွားရောက်စစ်ဆေးချိန် တွင် ပဲခူးတိုင်းဒေသကြီးနေ အမျိုးသားတွင် ဗိုက်တွင် ထိုးသွင်း ,ဒဏ်ရာတစ်ချက် ရရှိထားပြီး ပါးစပ်မှ အမြှုပ်များထွက်နေကာ သတိမေ့နေကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ဧရာ၀တီတိုင်းနေ အသက် ၂၇ နှစ် အရွယ်အမျိုးသမီးတွင်လည်း ဗိုက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိထားပြီး ပါးစပ်မှ အမြှုပ်ထွက်နေကာ သတိရနေသေးကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

သတိရနေသေးသည့် အဆိုပါ အမျိုးသမီးကို မေးမြန်းရာ ချစ်သူအမျိုး သားနှင့် ခိုးရာလိုက်ပြေးသည်ကို အသက် ၄၇ နှစ်အရွယ်ရှိ ခင်ပွန်းဖြစ်သူသိရှိ သွားပြီး ခြံအလုပ်သမားများဖြင့် ၎င်းတို့ကို လိုက်လံရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့လိုက်ရှာသည့်အတွက် အမိမခံဘဲ သတ်သေကြရန် တိုင်ပင်ပြီး ပိုးသတ်ဆေးတစ်ထုပ်ကို ဖျော်၍ တစ်ဝက်စီသောက်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

Dawei Watch