နှစ်သစ်တွင် ကုမ္ပဏီသစ်ဖြင့် ထားဝယ်ခရိုင်လျှပ်စစ် ပေးမည်

0
991

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းကို တင်ဒါအောင်မြင်ထားသည့် Petro & Trans ကုမ္ပဏီက ဇန်နဝါရီလ ၁ ရက်တွင် တာဝန်ယူ ဖြန့်ဖြူးတော့မည်ဖြစ်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။

Petro & Trans nကုမ္ပဏီက ဒီဇင်ဘာလ ၃၀ ရက်မှ စတင်တာဝန် လွှဲယူမည်ဖြစ်ပြီး အများပြည်သူကို ထုတ်ပြန်ဆက်သွယ်နိုင်မည့် ဖေ့ဘုတ်စာမျက်နှာတစ်ခုကို ဖွင့်လှစ်မည်ဖြစ်ကာ မီးပျက်မီးပြင်အတွက် ဆက်သွယ်နိုင်မည့် Hot Line ဖုန်းနံပါတ်လည်း ထုတ်ပြန်ထားကြောင်း အထက်ပါ ကုမ္ပဏီ၏ ဒါရိုက်တာ ဦးဇော်မင်းဦးက ဆိုသည်။

“GGS နဲ့ ကျွန်တော်တို့နဲ့ သင့်တော်တဲ့တစ်ချိန် မီးသုံးအားနည်းတဲ့အချိန်မှာ လွှဲယူမယ်”ဟု ဦးဇော်မင်းဦးက ပြောသည်။

Petro & Trans ကုမ္ပဏီအနေဖြင့် လက်ရှိတွင် ထားဝယ်မြို့အတွင်း ရုံးခွဲ နှစ်ခုကို ဖွင့်လှစ်ထားကြောင်း အထက်ပါ ကုမ္ပဏီထံမှ သိရသည်။

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်း တင်ဒါစည်းကမ်း ချက်တွင် ခရိုင်အတွင်းရှိ မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာအသီးသီးတို့တွင် မီးပျက်မီးပြင်ရုံးများ၊ ငွေကောက်ကောင် တာများ ဖွင့်လှစ်မည့်အစီအစဉ်များ ပြည့်စုံစွာ ပြုစုတင်ပြရမည်ဟု ဖော်ပြထားသည်။

ကုမ္ပဏီအနေနှင့် တင်ဒါစည်းမျဉ်း တွင် ပါရှိသည့်အချက်များအတိုင်း လုပ်ဆောင်ရမည်ဖြစ် ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

ယင်းအပြင် ကုမ္ပဏီနှစ်ခု လွှဲပြောင်းချိန်တွင် အတတ်နိုင်ဆုံးမီးမပြတ်စေရန် ကြိုတင်စီစဉ်ထား ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ခရိုင်လျှပ်စစ်အတွက် Petro & Trans ကုမ္ပဏီက ၂ မဂ္ဂါဝပ်ထုတ် လုပ်နိုင်သည့် ဂက်စ်အင်ဂျင်အသစ် ၁၀ လုံးကို ဝယ်ယူထားပြီး လက်ရှိတွင် သင်္ဘောဖြင့် သယ်လာနေပြီဖြစ်ကြောင်း အထက်ပါကုမ္ပဏီ၏ ဒါရိုက်တာ ဦးဇော်မင်းဦးက ဆိုသည်။

အဆိုပါ ဂက်စ်အင်ဂျင်များကို ကံပေါက်ဒေသတွင် ဖေဖော်ဝါရီလကုန် ခန့်တွင် တပ်ဆင်ပြီးစီးမည်ဟု မျှော်မှန်း ထားကြောင်း ၎င်းက ပြောသည်။

ယခင်က GGS ကုမ္ပဏီ လျှပ်စစ်ထုတ်ရန် ဂက်စ်အင်ဂျင် ငှားရမ်းအသုံးပြုခဲ့သည့် Aggreko ကုမ္ပဏီထံတွင် ဆက်လက် ငှားရမ်းအသုံးပြုမည်ဟု ပြောဆိုထားသော်လည်း လက်ရှိတွင် ကုမ္ပဏီပိုင်အဖြစ် ဂျာမနီနိုင်ငံထုတ် စက်အင်ဂျင်များကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံထုတ် ဂက်စ်အင်ဂျင် များ မတပ်ဆင်မီကြားကာလတွင် ဌာနပိုင်ဒီဇယ်မီးစက် ၃၂ လုံးနှင့် ကုမ္ပဏီပိုင် မီးစက် ၁၈ လုံးဖြင့် လျှပ်စစ်ဖြန့်ဖြူးနေ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင်အတွင်း သုံးစွဲမှု အများဆုံးအချိန်တွင် ၁၆ မဂ္ဂါဝပ်ခန့်သာ ရှိပြီး ဒီဇယ်မီးစက်စုစုပေါင်း ၅၀ လုံး ၏ လျှပ်စစ်ထုတ်လုပ်နိုင်မှုမှာ ၂၀ မဂ္ဂါဝပ် ခန့်အထိရှိသဖြင့် လုံလောက်စွာ သုံးစွဲ နိုင်မည်ဖြစ်ကြောင်း ဦးဇော်မင်းဦးက ဆိုသည်။

ထို့အပြင် လျှပ်စစ်ယူနစ်ဈေးနှုန်းကိုလည်း တင်ဒါအောင်မြင်ထားသည့် ၂၃၈ ကျပ်ဖြင့်ပင် ကောက်ခံမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဂက်စ်အင်ဂျင်များတပ်ဆင်ပြီးပါက ဒီဇယ်များကို မီးပျက်ချိန်တွင် သုံးစွဲနိုင်ရန် အရန်အနေဖြင့် ထားရှိမည် ဖြစ်ကြောင်း ဦးဇော်မင်းဦးက ဆိုသည်။

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်း တင်ဒါစည်းကမ်း ချက်တွင် မြို့အင်္ဂါရပ်နှင့်အညီ လမ်းမီးများ အလှမီးများကို တပ်ဆင်ရမည်ဖြစ်ပြီး လမ်းမီးကြေး မကောက်ခံရဟု ဖော်ပြ ထားသည်။

Petro & Trans ကုမ္ပဏီအနေဖြင့် လက်ရှိတပ်ဆင်ပြီး လမ်းမီးများ ပျက်စီး ပါက ကုမ္ပဏီက လဲလှယ်တပ်ဆင်မည် ဖြစ်ပြီး လမ်းမီးမရှိသေးသည့် နေရာတွင်မူ တပ်ဆင်မည့်နေရာ၊ တပ်ဆင်မည့်ပုံစံကို လျှပ်စစ်ဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့က ရွေးချယ်ပေးသည့် နေရာတွင် ကုမ္ပဏီက တပ်ဆင်မည်ဖြစ်ကြောင်း ဦးဇော်မင်းဦးက ဆိုသည်။

Petro & Trans ကုမ္ပဏီရုံးနေရာများ

အမှတ် ၁၆၆၊ ကမြောကင်းလမ်းနှင့် မြို့သစ် ၅ လမ်းထောင့် (အစိုးရဝန်ကြီးများ အိမ်ရာအရှေ့)၊ ထိန်သစ်ရပ်ကွက်
အမှတ် ၂၀ ၊ ညောင်ပင်ကြီးလမ်း၊ ဘုမ္မော်ရပ်ကွက်

Call Centre – 09889384422
Hot Line – 09262387772 ၊ 09262386100

Dawei Watch