ဆူညံမှုကပေးတဲ့ ဝေဒနာ

0
1720

အသံ။


နားနဲ့ကြားသမျှကို အသံလို့ ဆိုကြပါတယ်။ အသံဟာ အရာဝတ္ထုတွေ တုန်ခါလို့ ဖြစ်ပေါ်လာတယ်လို့လည်း ဆိုကြပါတယ်။ အသံကို စွမ်းအင်တစ်မျိုး အဖြစ်အသိအမှတ်ပြုထားသလို သက်ရှိ အတော်များများရဲ့နေ့စဉ်ဘဝတွေမှာ အသံဟာတစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ရာ အရေးကြီးတဲ့နေရာက ရှိနေပါတယ်။
အသံကို ဒက်ဆီဘယ် (Decibel, dB) လို့ခေါ်တဲ့ ယူနစ်တမျိုးနဲ့ တိုင်းတာပါတယ်။

ယေဘုယျအားဖြင့်တော့ လူ တစ်ယောက်ဟာ တိုးလျတဲ့ အသံ သုည ဒက်ဆီဘယ် (0dB) လောက်ကနေ (တချို့ အင်မတန် နားပါးသူများဟာ အနုတ် ၁၅ ဒက်ဆီဘယ် လောက်အထိ တိုးလျတဲ့ အသံကိုကြားနိုင်ပါတယ်) စပြီး ကြားနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်သာမန် စကားပြောဆိုတဲ့အသံဟာ ၆၀ ဒက်ဆီဘယ် ဝန်းကျင် လောက်ရှိပါတယ်။ ၈၅ ဒက်ဆီဘယ်နဲ့အထက် ကျယ်လောင်တဲ့ အသံတွေကိုကြားရ၊ နားထောင်နေရရင်တော့ နားတွင်းအင်္ဂါ အကြားအာရုံခံစနစ်အတွက် အန္တရာယ်ရှိတယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။


ဒီလို အသံကျယ်ပြီး နားအာရုံခံအင်္ဂါတွေအတွက် ဥပါဒ်ဖြစ်စေတဲ့ အသံကျယ်တွေဟာ ၈၅ ဒက်ဆီဘယ်နဲ့ အထက်ရှိတဲ့ မိုးခြိမ်းသံလို၊ သေနတ်ပစ်သံလို၊ အသံချဲ့စက်တွေက ကျယ်ကျယ်လောင် လောင်ထွက်လာတဲ့ သီချင်းသံလို အသံတွေလည်း ပါပါတယ်။ ဆူညံသံဆိုတာ လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အသံတိုင်းကို သတ်မှတ်နိုင်ပါတယ်။ တိုးလျတာ ကျယ်လောင်တာ၊ ကြားနေကျဖြစ်တာ မဖြစ်တာနဲ့ သိပ်မဆိုင်ပါဘူး။ ဥပမာ ကားဟွန်တီးသံ ကျယ်ကျယ်ဟာလည်း လူတစ်ယောက်အတွက် ဆူညံသံဖြစ်နိုင်သလို အိပ်မပျော်တဲ့ လူတစ်ယောက်အတွက် ညဘက်ကြားရတဲ့ နာရီစက်သံတချက်ချက်မြည်နေတာဟာလည်း ဆူညံသံ ဖြစ်နေနိုင်ပါတယ်။ ဒီလိုပါပဲ လော်စပီကာ ဆောင်းဘောက်က အကျယ်ကြီးထွက်လာတဲ့ တရားဟောသံ၊ သီချင်းသံတွေဟာလည်း စိတ်အနှောင့်အယှက်ဖြစ်စရာ သိပ်ကောင်းတဲ့ ဆူညံသံတွေဖြစ်နိုင်ပါ တယ်။


ပတ်ဝန်းကျင်မှာ နေ့စဉ် အချိန်တိုင်းကြားနေရတဲ့ အသံမျိုးစုံတွေအထဲမှာ ကားသံ၊ ရထားသံ၊ လေယာဉ်သံ၊ စက်ရုံ အလုပ်ရုံတွေက အသံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကစက်သံ ထုရိုက်သံတွေ၊ လူစည်ကားရာ အရပ်တွေက လူသံတွေ အစရှိတဲ့အသံအတော်များများဟာ ကျယ်လောင်သလို လူတွေအဖို့ စိတ် အနှောင့်အယှက် ဖြစ်စရာ၊ သောတဆင်ချင်စရာ မကောင်းလှတဲ့ ဆူညံသံ တွေဖြစ်ပါတယ်။


နိုင်ငံအတော်များများမှာတော့ ဆူညံကျယ်လောင်တာကို ညစ်ညမ်းမှုအဖြစ် ဆူညံညစ်ညမ်းခြင်း (Niose Pollution) လို့ သုံးနှုန်းခေါ်ဝေါ်ကြပါတယ်။ လေထု၊ ရေထု ညစ်ညမ်းသလိုပဲ ပတ်ဝန်းကျင်မှာ အသံကြောင့် ညစ်ညမ်းတယ်လို့ ဆိုပါတယ်။ နိုင်ငံအတော်များများမှာတော့ လေကြောင်းလိုင်းတွေကို အသံဆူညံ ညစ်ညမ်းစေမှုအတွက် အခွန်စည်းကြပ်တဲ့ စနစ်ရှိပါတယ်။ ဒီလို အသံဆူညံ ညစ်ညမ်းမှုတွေကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တွေကို သိပ္ပံပညာရှင်တွေက သုတေသနပြုကြပါတယ်။


အသံညံခြင်းရဲ့ အကျိုးဆက်အကြောင်း သုတေသနပြုထားတဲ့ စာတမ်းတွေထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာ ဥရောပ ဗဟိုဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဒေသဌာနေရုံးတို့က ဥရောပကော်မရှင်နဲ့ ပူးပေါင်းထုတ်ဝေတဲ့ “ပတ် ဝန်းကျင်ဆူညံမှုက ပေးတဲ့ဝေဒနာရဲ့ ဝန်ထုပ်ဝန်ပိုး လို့ခေါင်းစဉ်တပ်ထားတဲ့ စာတမ်းတခု ရှိပါတယ်။ ဒီစာတမ်းထဲမှာတော့ ဆူညံတဲ့ ဝန်းကျင်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို စနစ်တကျ အသေးစိတ် သုတေသနပြုပြီး တွေ့ရှိချက်တွေကို ဖော်ပြထားပါတယ်။

အသံဆူညံမှုဟာ လူတွေရဲ့ ကိုယ်ခန္ဓာကိုသာမက စိတ်နှလုံးကိုပါ ထိခိုက်စေကြောင်းဆိုထားပါတယ်။


တွေ့ရှိချက်တွေအရ ကျယ်လောင်လှတဲ့ အသံတွေကြောင့် ကြားနိုင်စွမ်းနဲ့ ဦးနှောက်ကို ထိခိုက်စေပါတယ်။ အထူးသဖြင့် ၈၅ ဒက်ဆီဘယ်နဲ့အထက် ကျယ်လောင်တဲ့ ဆူညံသံတွေနဲ့ မကင်းနိုင်တဲ့အခါ နားရဲ့ သောတဆင်နိုင်စွမ်းကို ထိခိုက်ပြီး နားလေးတာကနေ နားပင်းတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အသံဆူညံမှု ကြောင့်ဖြစ်တဲ့ အကြားအာရုံဆုံးရှုံးရတဲ့ ဒုက္ခကိုလည်း ကမ္ဘာတဝန်းမှာ လူတချို့ ခံစားနေရပါတယ်။ ဒီဆူညံသံတွေဟာ အထူးသဖြင့် ငယ်ရွယ်သူတွေရဲ့ မှတ်ဉာဏ်ကို ထိခိုက်စေပြီး အာရုံစိုက်ရခက်တာမျိုး၊ စာဖတ်နိုင်စွမ်းနည်းတာမျိုးကိုဖြစ်စေ တယ်လို့ ဆိုပါတယ်။


ဆူညံတဲ့ရပ်ဝန်းမှာ အချိန်ကြာကြာနေထိုင်ရသူတွေဟာ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါဘယတွေဖြစ်တာမျိုး တွေ့ရှိရတယ်။ ဒီလိုရောဂါမျိုး ဖြစ်နိုင်ချေလည်းများတယ်လို့ ဆိုပါတယ်။ ဆွီဒင်နိုင်ငံအခြေစိုက် ဂိုသန်ဘာ့တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရဆိုရင်တော့ သိပ်ကိုဆူညံလွန်းတဲ့ အသံတွေဟာ နှလုံးကို ထိခိုက်စေတယ်၊ သွေးတိုးတက်စေတယ်လို့ ဆိုပါတယ်။ တကယ်လို့ ကျယ်လောင်ဆူညံတဲ့ နေရာ မျိုးမှာ တစ်ရက် ၈ နာရီထက် နေရတဲ့သူတွေဆိုရင်တော့ အထက်က ဝေဒနာတွေ ခံရနိုင်ချေသိပ်များတယ်၊ အခြေအနေ ပိုဆိုးနိုင်တယ်လို့ ဆိုပါတယ်။


ဆူညံတာဟာ လူတွေရဲ့ ရုပ်ခန္ဓာကို သာမက စိတ်ပိုင်းဆိုင်ရာကိုလည်း ချူချာစေတယ်လို့ သုတေသနကဆိုပါ တယ်။ ကိုယ်အမြဲကြားနေရတဲ့ ရှောင်လို့မရတဲ့ ကိုယ်သတိမထားမိဘဲ ကိုယ်နဲ့အသားကျ သလိုလိုတောင် ဖြစ်နေတဲ့ ကျယ်လောင် ဆူညံသံဟာ ကိုယ့်အတွက် အကြီးအကျယ် စိတ်ဝေဒနာဖြစ်စေမယ့် ကိန်းဆိုက်စေနိုင်ပါတယ်။ တွေ့ရှိချက်တွေမှာ အသံဆူညံတာက လူတွေကို စိတ်တိုလွယ်စေတယ်၊ စိုးရွံ့ထိတ်လန့်စေတယ်၊ ဆုံးဖြတ်ချက်ချရင် အကြောင်းအကျိုး မညီတာမျိုးတွေဖြစ်စေတတ်ပြီး နေ့တိုင်းလိုလို စိတ်မငြိမ်း ပူပင်နေတတ်တာမျိုး ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ ပိုဆိုးလာရင်တော့ စိတ်ဖိစီးမှုတွေများပြီး လူမှုရေးမှာ အဖုအထစ်တွေဖြစ်တာ၊ အလုပ်မတွင်တာ၊ စိတ်ခံစားမှု အတက်အကျ များတာမျိုးတွေဖြစ်တတ်ပါတယ်။ သိပ်ကိုအခြေအနေဆိုးဆိုးဝါးဝါးဖြစ်သွားတဲ့ လူအချို့မှာ တကယ်အပြင်မှာ အသံမရှိပေမဲ့ နားထဲမှာ အသံတစ်မျိုးမျိုး ကြားနေရတဲ့ (ဥပမာ၊ အိမ်အပြင်မှာတော့ တိတ်ဆိတ်နေပေမဲ့ နားထဲမှာ ကားဟွန်း သံတွေ၊ ရထားဥဩဆွဲသံတွေ ကြားနေရတာမျိုး) စိတ်ဝေဒနာစွဲကပ်ခံ ကြရပါ တယ်။


ဆူညံသံတွေကြောင့် အိပ်ရေးပျက်တာမျိုးကိုတော့ လူတိုင်းနီးပါး ကြုံဖူးမယ်ထင်ပါတယ်။ ကိုယ်က ငိုက်နေတဲ့ အချိန် အိပ်တော့မယ်အချိန်မှာ ဆူညံတဲ့ အသံတခုခုကြားနေရတာမျိုးဆိုရင် ဘယ်လောက်များ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသလဲဆိုတာ ခံစားမိမှာပါ။

လမ်းမနဲ့နီးကပ်တဲ့ အိမ်တွေဆို ညဘက် လမ်းပေါ်က ကားတွေရဲ့အသံတွေကြောင့် အိပ်ရေးပျက်ရတာမျိုး ကြုံရနိုင်ပါတယ်။ ဒီလိုဆူညံတာကြောင့် အမြဲလိုလို အိပ်ရေးပျက်နေရရင် ကျန်းမာရေးကို ထိခိုက်ပါတယ်။ အလုပ်မှာ မလန်းဆန်းတာ၊ နုံးချိနေတာ၊ မောပန်းလွယ်တာ၊ စိတ်မကြည်တာမျိုးဖြစ်တတ်ပါတယ်။ အိပ်ပျက်တာများရင်တော့ ရေရှည်မှာ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ဝေဒနာရနိုင်ချေရှိပြန်ပါတယ်။


အသံကျယ်တာဟာဆူညံမှုတစ်မျိုး လို့သတ်မှတ်နိုင်ပြီး သေချာပေါက် အကြာအာရုံခံစနစ်ကို ဒုက္ခပေးနိုင်ပါ တယ်။ အသံဗလံအစုံနဲ့ ဆူညံတဲ့ရပ်ဝန်းကတော့ ဆူညံညစ်ညမ်းတဲ့ဝန်းကျင်ဖြစ် သွားပြီး ရေရှည်မှာ လူတွေရဲ့ ရုပ်ကော စိတ်ကိုပါ ဝေဒနာပေးနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာ အသံမျိုးစုံကို နေ့စဉ်ကြားရပါတယ်။ အသံပြုသောအားဖြင့် ဆက်သွယ်ပြီး လူတွေက နေ့စဉ်ဘဝတွေကိုရှေ့ဆက် နေရတာပါပဲ။ သာယာသံတွေကို လူတွေနှစ်လိုကြပါတယ်။


ဒါပေမယ့် သာယာသံတွေကို ချဲ့လိုက်တဲ့ အခါထွက်လာတဲ့ သိပ်ကျယ်တဲ့ သာယာသံတွေဟာ သာယာသံပကတိ မဟုတ်တော့ဘဲ ဆူညံသံ အဖြစ်ပြောင်းသွားပါတယ်။ ဆိုးကျိုးတွေ ဆောင်ကြဉ်း လာပါတယ်။


မြန်မာပြည်မှာဆိုရင် ၁၂လရာသီ နီးပါး ကျယ်ကျယ်လောင်လောင် လော်စပီကာတွေ ဆောင်းဘောက်တွေနဲ့ ပတ်ဝန်းကျင်ကို ဆူညံသံနဲ့ညစ်ညမ်းစေလိုက်ပြီး ကြားရသူတွေကို ကိုယ်စိတ်နှစ်ပါး ဒုက္ခဝေဒနာ ပေးပါတယ်။ လော်စပီကာမပါ ပွဲမပြီး ပွဲမစည်တဲ့ ဒုက္ခရှာတဲ့ယဉ်ကျေးမှုထွန်းကားလို့နေပါတယ်။


ရှေးစာပေများမှာ သူတော်ကောင်းများဟာ ဆိတ်ငြိမ်မှုကို မြတ်နိုးတယ်၊ ရှာဖွေနေထိုင်တယ်ဆိုတာ ဆူညံသံတွေ ရဲ့ အဖျက်စွမ်းအားကို သိလို့ထင်ပါတယ်။ နိုင်ငံတကာမှာတော့ဆူညံသံတွေကို တင်းတင်းကျပ်ကျပ် ဥပဒေအရ ကော နည်းပညာအရပါ ထိန်းချုပ်ဖို့ ကြိုးစားနေသလို သူတို့ လူ့အသိုက်အဝန်းကလည်း ဆိတ်ငြိမ်မှုကို မြတ်နိုးပါတယ်။

မြန်မာနိုင်ငံမှာတော့ ဥပဒေရှိပေမဲ့ အရိုးစွဲ လော်စပီကာယဉ်ကျေးမှုကို မလှန်နိုင်ဘဲ ဖြစ်နေပါတယ်။ မြို့ပြတွေမှာဆိုရင် ကားသံ၊ ရထားသံလို့ဆူညံသံတွေရှိနေတာကိုတောင်မှ အသံချဲ့စက်ဖွင့်ပြီး ထပ်လို့ အသံဆူညံစေပါတယ်။ အသံဆူညံတာဟာ လူတွေကို ဥပါဒ်ပေးနိုင်တဲ့ ညစ်ညမ်းမှုဖြစ်ပါတယ်။ ဒီ ဆူညံညစ်ညမ်း မှုမဖြစ်အောင် တတ်နိုင်သမျှ ရှောင်လို့ကိုးကား –
ဆိတ်ငြိမ်မှုကို မြတ်နိုးတတ် တဲ့ လူအသိုက်အဝန်းဖြစ်စေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

ကိုးကား – htpps://www.healtheuropa.eu/noise-pollution-effects/92504/
htpps://www.nationalgeographic.org/encyclopedia/noise-poluttion/
htpps://www.science.org.au/curious/earth-environmental-noise-pollution
htpps://www.who.int/quantifying-ehimpacts/publications/e9488/en
htpps://www.nationalgeographic.org/encyclopedia/noise-poluttion/
htpps://www.science.org.au/curious/earth-environmental-noise-pollution
htpps://www.who.int/quantifying-ehimpacts/publications/e9488/en