၀န်ထမ်းသတ်လျှင် တိုင်းပြည် သေသလော(၂)

0
871

လွန်ခဲ့သောအပတ်က တနင်္သာရီ ဂျာနယ်ပါ “ဝန်ထမ်းသတ်လျှင် တိုင်းပြည် သေသလော” ဆောင်းပါးမှာ ခေါက်ရိုးကျိုး မလုပ်မရှုပ်မပြုတ် ဝန်ထမ်းအချို့နှင့် ကြိုးနီစနစ်ကြောင့် ပြည်သူတို့ အခက်ကြုံရသလို တိုင်းပြည်ပါ နစ်နာရခြင်းနှင့် ပတ်သက်ပြီး ဌာနအချို့ကို ဥပမာပြ သာဓကဆောင် ရေးခဲ့မိသည့်အတွက် သူများဌာနအကြောင်းသာပြောပြီး ကိုယ့်ဌာနအကြောင်းပါ မဆိုရကောင်းလောဟု အမေးစကားဆိုကြသည့်အတွက် ကိုယ့်ဌာနအကြောင်းကိုပါ အလျဉ်းသင့်လျှင် ပြောပြဖို့ရာ ကျွန်တော့်မှာ အကြွေးတင်ပါသည်။

ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနတွေ ဖြစ်သည့်အားလျော်စွာ “သည် အဖြစ်မျိုးတွေ ငါတို့ ကျန်းမာရေးဌာနတွေ မယ် မဖြစ်ဘူး။ ငါတို့နဲ့မဆိုင်ဘူး”ဟု တွေးလျှင် မှားပါလိမ့်မည်။ သာ၍ ညံ့အံ့မထင်စေလို။

အပြုသဘော ထောက်ပြ ပြောဆို ခြင်းမျှသာဖြစ်သဖြင့် ဆောင်းပါးပါ သက်ဆိုင်ရာ ဌာနတွေမှာ အပြောင်းအလဲ တွေမြင်သာထင်သာ ဖြစ်လာတာကိုဖြင့် ကြိုဆိုကြရပါမည်။ ဆိုရပါလျှင် ပထမဆောင်းပါးပါ ဌာနတွေမှာ အတော်အား ထုတ်လျက် ပြည်သူလူထု ဆက်ဆံရေး (Public Relation) အပိုင်းကို အတော်အလေးထားကာ မြင်သာထင်သာ ပြောင်းလဲလာတာ တွေ့ရပါ၏။

လေးစားအားကျ အတုယူဖွယ်ရာဌာနတွင်း အပြောင်းအလဲ တွေအတွက် ပြည်သူတွေ ကိုယ်တိုင်က အသိအမှတ်ပြု လေးစားချီးကျူးလာမည့် အနေအထားကိုလည်း မြင်ပါသည်။

ကိုယ့်ဌာနမှာရော အဲသလို ဝန်ထမ်း သတ်လို့တိုင်းပြည် သေရမည့်အဖြစ်တွေ မရှိပါသလော။ ဝန်ဆောင်မှုပေးနေကြသည့် ဌာနတွေမှာ ဖြစ်လေ့ရှိသည့် သဘောလေးတွေနှင့် အဖြေကိုပါ ပြောပြဖို့သည် ဆောင်းပါးလေးကို ကျွန်တော်ဆက်ပါ သည်။ သည်အဖြစ်အပျက်သည် သည်နှစ်တွေက အဖြစ်မဟုတ်ကြောင်း တော့ကြို တင်ဝန်ခံပါသည်။

၁။ အဲသည်နေ့က ကိုစောကြီး ကျွန်တော့်ဆီ အမောတကော လာပြောသည်။ ကိုစောကြီးဆိုတာက ကရင် အမျိုးသားတစ်ယောက် ဖြစ်သလို တိုင်းဒေသကြီးအတွင်း ငြိမ်းချမ်းရေးစောင့်ကြည့်သည့် ကော်မရှင်၊ ကရင် အမျိုးသားရေးရာ ကိစ္စတွေမှာ လိုက်ပါကူညီနေသည့် ပညာတတ် ပညာရေးဝန်ထမ်း လူရွယ်တစ်ယောက်။

“ဆရာဝေး၊ ဆရာ့အကူတောင်းမှ ဖြစ်မယ်ဗျ”လို့ အစချီကာ သူကြုံနေရတာ ပြောပြသည်။ သူနာပြုနှင့် သားဖွားအတတ် ပညာသင်တန်းကျောင်း ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ ဝယ်မရဖြစ်နေတယ် လို့ ဆိုသည်။ တရားဝင် ကြေညာထားသည့် လျှောက်လွှာပိတ်ရက်က တစ်ပတ်ကျော်ကျော် လိုသေးသည်။ သို့သော် ဝင်ခွင့်လျှောက်လွှာကို မြို့နယ်ရုံးမှာ ဝယ်မရ ဖြစ်နေလေတော့ ကိုစောကြီး အခက်ကြုံနေသည်။ သူ ကူညီပေးနေသည့် ဝေးလံခေါင်းပါး ကရင်ရွာလေးတွေမှ တိုင်းရင်းသား ကလေးမလေးတွေ သူတို့ နေထိုင်သည့်ရွာမှာနေပြီး သူတို့ရွာအတွက် အကျိုးပြုပေးနိုင်ဖို့ရာ အထူးအစီ အစဉ်ဖြင့် သင်တန်းစေလွှတ်ပေးဖို့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်ပင်ကာ လူရွေးချယ်ပြီး လျှောက်လွှာတင်ဖို့ လျှောက်လွှာက ဝယ်မရ ဖြစ်နေခြင်း ဖြစ်သည်။

ခရိုင်ရုံးက သူငယ်ချင်းကို ကျွန်တော် လှမ်းမေးပေးသည်။ ခရိုင်မှာ လျှောက်လွှာကုန်နေသည်။ တိုင်းရုံးကို ကျွန်တော် လှမ်းအကူအညီ တောင်းပေးသည်။ တိုင်းရုံးမှ စာရေးကြီးကို ဖုန်းဆက်မေးတော့ စာရေးကြီးဆီက အဖြေက တိတိပပမရ။ သူနာပြု အရာရှိထံ တိုက်ရိုက်မေးတော့လည်း လျှောက်လွှာကုန်နေပြီဟုသာ သိရသည်။ လျှောက်လွှာ ပိတ်ရက်မတိုင်မီ တစ်ပတ်မှာတင် လျှောက်လွှာက ဘာအတွက် ကုန်နေရသနည်း။ အဖြေက မရှင်းလင်းလှပါ။ သူ့အနေဖြင့် ထပ်လည်း မဝယ်ပေးနိုင်သည့်အတွက် နောက်နှစ်မှသာ စောင့်ပါတော့ဟု ခပ်တင်းတင်းသာ သူကဆိုသည်။

ပိတ်ရက်မတိုင်ခင် ရောင်းချပေးနိုင်ဖို့ရာ သူ့တွင်လည်းကောင်း၊ ကျန်းမာရေးဌာနတွင်လည်းကောင်း တာဝန်ရှိသော်လည်း ရေရာသည့် အကြောင်းပြချက် မပေးနိုင်ပါဘဲ မဖြစ်နိုင်တော့ဟု အဖြေစကားကိုသာ ခပ်မာမာ သူဆိုသည်။ သည်ဘက်ကလည်း တိုင်းရင်းသားရေးရာ ဝန်ကြီးအထိ ရောက်မည့်အရေးအရာ ကိစ္စမျိုးဆို သည့်အတွက် အဖြေကိုသိဖို့ လိုသည်။ သူ့အသေအချာ မေးပါသော်လည်း လက်ညွှန်အရာရှိအဆင့်ဖြစ်သော်ငြား ရေရာသည့်အဖြေမရ။

တိုင်းဦးစီးမှူးထံ ဆက်သွယ်တော့ နိုင်ငံရပ်ခြားသို့ အလုပ်သဘော ခရီးထွက်သွားသည်ဟု ဆိုသည်။ ဖုန်း အဆက်အသွယ်မရ။ သူပြန်လာမှဆိုပါလျှင် လျှောက်လွှာပိတ်ပြီ။ တိုင်းရင်းသားအရေး အရာကိစ္စ တိုင်းရင်းသားရေးရာဝန်ကြီးပါ သိပြီး ပြဿနာ တက်လာနိုင်သည့်အတွက် ကျွန်တော်ဆက်ပြီး ဖြေရှင်းဖို့ ကြိုးစားရသည်။

တိုင်းကျန်းမာရေး ဦးစီးဌာနမှူးဆီ G-mail မှ ဆက်သွယ်ကာ အကျိုးအကြောင်းပြောပြသလို တိုင်းကျန်းမာ တာဝန်ကို လက်ရှိတာဝန်ခံ လွှဲပြောင်း တာဝန်ယူနေသည့် မမ လက်ညွှန်(လက် ထောက်ညွှန်ကြားရေးမှူး) ထံ ဖုန်းဆက် ပြောပြရသည်။ မလိုလားအပ်ပါဘဲ ပြဿနာတွေ တက်လာနိုင်သည့် အဖြစ်မျိုးမို့ ကျွန်တော်တို့ ဌာနတွင်း အခက်အခဲတွေကို အတွင်းမှာပဲ ကြိတ်လို့ တိုင်ပင် ဖြေရှင်းရသည်။ မမ လက်ညွှန်နှင့် တိုင်း ကျန်းမာရေးဦးစီးမှူးဆရာတို့ သဘောပေါက်ပါသည်။ မိမိတို့ဌာနတွင်းမှ လစ်ဟင်းမှု ကွက်လပ်အတွက် သူတို့ ပြေလည်အောင် ဖြေရှင်းပေးပါသည်။ လျှောက်လွှာကို ယာယီမိတ္တူကူးယူကာ လက်ခံပေးသည်။

တိုင်းကျန်းမာ ဆရာကြီးက ပြီးမှ “ညီရေ့၊ ကျေးဇူးတင်ပါတယ်ကွယ်။ အဖြစ်က ပြောပြရင် ကိုယ့်ဌာနတွင်းက Gap (ကွက်လပ်) ပေါ့ကွာ။ နေပြည်တော်က လျှောက်လွှာကို အရေအတွက်နဲ့ တံဆိပ် နံပါတ်ပါရိုက်ပြီး ရောင်းတာက စတယ်လို့ ဆိုရမယ်။ ဆိုလိုတာကကွာ လျှောက်လွှာ ယူရင် အစောင် ၃၀၀ စသဖြင့် တစ်ခါတည်း ဝယ်ကြရတယ်။ အစောင်တိုင်း နံပါတ် ရိုက်ထားတော့ သူတို့ဆီက ဝယ်မှရတာ ဖြစ်သလို ပြန်အပ်တာလည်း လက်မခံဘူး။ အဲသည်မှာ ပြဿနာက စတာပဲ။ သည်ဘက်က အပိုအလိုမရှိအောင် ကွက်တိပဲ ဝယ်တယ်။ လိုအပ်ချက်က များနေတယ် ဆိုရင် သူတို့အနေနဲ့ ထပ်ဝယ်ဖို့ ငွေစိုက်ပြီး အစောင် ၃၀၀ ဝယ်ပါမှ ထပ်ရမှာ ဆိုတော့ ထပ်မဝယ်လိုတော့တဲ့သဘော။ အစောင် ၃၀၀ ကပြန်လည်း အပ်မရဆိုတော့ ပိုနေရင် ဆုံးပါးမှာ ကြောက်လို့ တာဝန်မခံ၊ မဝယ်တော့တာ။ တစ်ဖက်က ကြည့်ရင်လည်း လျှောက်လွှာပိတ်ရက် မရောက်ခင် လျှောက်လွှာ မရောင်းပေးဘူးဆိုတာ မဖြစ်သင့်တဲ့အရေး။ ပြီး ခုအရေးက တိုင်းရင်းသားရေးရာ ဝန်ကြီးက တစ်ဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အထိ ရောက်မယ့်အရေး ဆိုလို့သာ ညီဝင်ပြော ပေးတာ အစ်ကို သဘောပေါက်တယ်။ ကျေးဇူးလည်း တင်ပါသကွယ်”လို့ တခုတ်တရ သူပြန်ဆိုပါသည်။

သူ အဲသည် ပြဿနာရဲ့ ရင်းမြစ်ကို သိလည်းသိ ဖြေလည်းဖြေရှင်းခဲ့ပါသည်။
၂။ လေးရက်အကြာ ကိုစောကြီး ကျွန်တော့်ထံ အပြေးရောက်လာ ပြန်သည်။
“ဆရာဝေး၊ ပြဿနာ တက်နေ ပြန်ပြီဗျ”လို့ အစချီကာ သူအမောတကော ဆိုသည်။ ပြောပြတာက အဲသည် သူနာပြု နှင့် သားဖွားသင်တန်း လျှောက်လွှာသွား တင်တော့ ကျန်းမာရေးဌာနက လက်မခံလို့ဆိုသတဲ့။

အကြောင်းပြချက်က အဲသည်တိုင်းရင်းသား ကလေးမ၏ မှတ်ပုံတင်ပါ ဖခင်အမည်က စောဝင်းအောင် ဖြစ်ပြီး မွေးစာရင်းပါ ဖခင်အမည်က ဦးဝင်းအောင် ဖြစ်နေလေတော့ အဲသည် စောဝင်းအောင် နှင့် ဦးဝင်းအောင်သည် တစ်ဦးတည်းဖြစ်ပါကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ထောက်ခံစာ တောင်းခိုင်းပါသတဲ့။ လဝက ဘက်ကလည်း သမားရိုးကျ မဟုတ်လေတော့ မထောက်ခံရဲ။ လျှောက်လွှာပိတ်ရက်ကလည်း မနက်ဖြန်ဆိုတော့ အချိန်ကလည်း မရှိတော့၊ တနင်္သာရီဂျာနယ်တို့၊ နေ့စဉ် ထုတ်သတင်းစာတို့မှာ ဖခင်တစ်ဦးတည်း ဖြစ်ပါကြောင်း ကြေညာထည့်လို့လည်း မမီ။သည်တော့ ကျွန်တော် တိုင်းကျန်းမာဆရာ့ဆီ ဖုန်းဆက်ရပြန်သည်။ ဆရာကထပ်ပြီး ကျေးဇူးစကားဆိုပါသည်။

သည်အဖြစ်တွေသည် သူတာဝန်ခံရသော သူ့လက်အောက်ဝန်ထမ်းက စသည့် ဖြစ်ရပ်မို့ ဟိုးအထက်အထိ ပြဿနာမကြီးမီ သူထိန်းလိုက်နိုင်သည်။ ကရင်တိုင်းရင်းသားတွေမှာ ဦးတပ်သူက တပ်၊ စောတပ်သူက တပ်လေ့ရှိသည့် သဘော သဘာဝကို သိပါလျက်နှင့် ပထမအခေါက်က ကိုယ်တွေဘက်က ကပ်ရစ်ထားသည် ဆိုပြီး အမှတ်ထားကာ ထပ်ညစ်ခြင်း ဖြစ်ပုံရ၏။ ဒါမှမဟုတ်ရင်လည်း အကယ်၍များ အထက်က မေးလာမြန်းလာရင် တာဝန်ခံ ဖြေရှင်းရမည်စိုး၍ ကြောက်ကန်ကန်ထားခြင်း ဖြစ်ပါမည်။

အဲသည် ဦးနှင့်စော ကိစ္စကို ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက ဌာနဆိုင်ရာ တွေကိုတွေ့လျှင် ပြောပြပါမည်ဟုဆိုကာ သည်အရေးကိစ္စသည်လည်း အကျယ်အကျယ် ဖြစ်မလာခဲ့။
၃။အဲသည်ကလေးမလေး ခုဆိုလျှင် သူနာပြုသားဖွားသင်တန်း ဆင်းခွင့်ပင်ရ လောက်ပြီဟု ထင်ကြပေမည်။မှားပါသည်။ သူ သင်တန်းတက်ခွင့် မရခဲ့ပါ။ လျှောက်လွှာတွေ အဆင့်ဆင့် စိစစ်ပြီး လက်သင့်ခံပြီးပါမှ သင်တန်းတက်ချိန် တွင် သတ်မှတ်သည့် အသက်တစ်လ ကျော်လွန်နေသည်ဟု မှတ်ချက်ဖြင့် သင်တန်းတက်ခွင့်မရခဲ့ပါ။ ကလေးမ၏ ဖခင်အမည် မှန် မမှန် စိစစ်သလိုမျိုးသာ အသက်လွန်၊ မလွန် အချိန်တွေမကုန်မီ စိစစ်နိုင်ခဲ့ပါလျှင် အဲသည်အဖြစ်မျိုး ကြုံမည်မဟုတ်သလို အချိန်တွေကုန် လူတွေပန်းမှာ မဟုတ်ပါ။

၄။ကြာတော့ ကြာခဲ့ပါပြီ။ သည်လို အဖြစ်တွေမှာ ဘာမှန်းမသိ ညာမှန်းမသိပါဘဲ ဝေ့လည်လည် ပတ်ခြာလည်ကာ ခံနေကြရရှာမည့် အဖြစ်မျိုးတွေက ဌာနတွေတိုင်းမှာ မလွဲမသွေ ရှိနေဆဲ၊ ကြုံတွေ့နေကြရဆဲ၊ ရင်နှင့်အမျှ ခံစားနေကြရဆဲ ဖြစ်ပါသည်။

ဝန်ဆောင်မှုပေးနေကြရသည့် ဦးစီးဌာနတိုင်းသည် ပြည်သူ့ဆက်ဆံရေး နယ်ပယ်ကို အလေးမထား၍ မရပါ။ အစိုးရဌာနတွေရဲ့ ဝန်ဆောင်မှု ကောင်းခြင်း ဆိုးခြင်းသည် ပြည်သူ့အပေါ် တိုက်ရိုက် သက်ရောက်ပါသည်။ မိမိတို့ အဆင့်နှင့် လျော်ညီသော တာဝန်ကိုယူတတ် တာဝန်ကို ခံတတ်ဖို့ လိုအပ်သလို မိမိတာဝန်နှင့် ဝတ္တရားကိုလည်း သိဖို့၊ မိမိတို့တာဝန် ယူကြရမည့် တာဝန်ကျေဖို့လည်း လိုအပ်ပါသည်။

သည်ဖြစ်စဉ်လေးမှာ ကိုစောကြီးကသာ ပြေလည်အောင် ဖြေရှင်းနိုင်မည့် သူကို ချဉ်းကပ်ဖြေရှင်းသည့် နည်းမဟုတ် မူဘဲ ပြဿနာကို ချဲ့ကားလျှင် ချဲ့ကားသလောက် ဖြစ်လာနိုင်သလို EQ ဆိုသည့် ကိုယ်ရည် ကိုယ်သွေး မြင့်ကြသည့် ဆရာတိုင်းဦးစီးမှူး၏ ကျွန်တော်တို့လို ဘာမှ မဟုတ်သည့် ပမွှားအဆင့် ဝန်ထမ်းငယ်တွေ တင်ပြလာသည့် စကားကို လက်ခံလျက် နားလည်းထောင်ကာ လက်ခံဖြေရှင်းနိုင်သည့် အရည်အသွေး ကြောင့်သာ ပြဿနာမတက်ခဲ့တာ ဖြစ်ပါသည်။ ခုများမတော့ လူတွေ ပြောင်းလဲကုန်ပါပြီ။ အဲသလို အဖြစ်တွေကတော့ ရှိနေလိမ့်ဦးမည်မလွဲပါ။

ဝန်ထမ်းသတ်လျှင် တိုင်းပြည်သေသလော ဆောင်းပါးလေးနှင့် ပတ်သက် ပီး စရေးခဲ့မိသည့်နောက် ကိုယ့်ဌာနတွေ ပြင်ဖို့ လိုအပ်ချက်တွေအကြောင်းလည်း ဖွင့်ဟဝန်ခံဖို့ရာ ကျွန်တော့်မှာ အကြွေးတင်ပါသည်။

ဝန်ဆောင်မှုပေးနေသော ဌာနတွေ ဖြစ်သည့်အားလျော်စွာ သည်အဖြစ်မျိုးတွေ ငါတို့ဌာနတွေမယ် မဖြစ်ဘူး၊ ငါတို့နဲ့ မဆိုင်ဘူးဟု တွေးပါလျှင် မှားပါလိမ့်မည်။ သို့အတွက် ကိုယ့်ဌာနမှာ လည်းရှိနေသော လစ်ဟင်းချက်ပေါင်း သောင်းခြောက်ထောင်အနက်မှ တစ်ခုကို လှစ်ပြခြင်းမျှသာဖြစ်ပါသည်။ သည်အဖြစ်မှာ တစ်ပါတည်း ကျွန်တော်တို့ ပြေလည်အောင်လည်း ဖြေရှင်းပြီး Root Cause ဆိုရမည့် အခြေခံအကြောင်းအရာကိုပါ ဖြေရှင်းခဲ့ကြပါ၏။

အပြုသဘော ထောက်ပြ ပြောဆိုခြင်းမျှသာ ဖြစ်သဖြင့် သက်ဆိုင်ရာဌာန တွေမှာ အပြောင်းအလဲတွေ မြင်သာထင်သာ ဖြစ်လာတာကိုဖြင့် ကြိုဆိုကြရပါမည်။ ပထမ ဆောင်းပါးပါ ဌာနတွေမှာ အတော် အားထုတ်လျက် ပြည်သူလူထု ဆက်ဆံရေး (Public Relation)အပိုင်းကို အတော်အလေးထားကာ မြင်သာထင်သာ ပြောင်းလဲလာတာ တွေ့ရပါ၏။ လေးစားအားကျ အတုယူဖွယ်ရာ ဌာနတွင်း အပြောင်းအလဲတွေအတွက် ပြည်သူတွေ ကိုယ်တိုင်က အသိအမှတ်ပြု လေးစားချီးကျူးလာမည့် အနေအထားကိုလည်း မြင်ပါသည်။

ဆိုရပါလျှင် ဌာနတိုင်းမှာ အဲသလို ဝန်ထမ်းသတ်လို့ တိုင်းပြည် သေရမည့်အဖြစ်တွေ မရှိပါသလော ဆိုပါလျှင် ရှိနေခဲ့၊ ရှိနေမြဲ၊ ရှိနေလိမ့်ဦးမှာ မလွဲပါလေ။

ပြည်သူကိုဝန်ဆောင်မှုပေးနေကြသည့် ဌာနတွေမှာ ဖြစ်လေ့ရှိသည့် အချိန်တွေဆွဲ ဘောလီဘောပုတ် ရက်တွေချိန်း ပြီး ပြည်သူ့စိတ်ကို ငြိုငြင်စေတတ်သည့် သဘောလေးတွေနှင့် ယင်းအဖြစ်တွေကို စောင့်ကြည့်ပြီး အဖြေကိုပါ ရအောင် ဆောင်ကြဉ်းဖြေရှင်းနိုင်ကြမည့် တာဝန်ယူ တာဝန်ခံနိုင်သော အလယ်အလတ် ခေါင်းဆောင်များ လိုအပ်သလို သူတို့ကို တာဝန်ယူတာဝန်ခံပေးနိုင်မည့် အဆင့်ဆင့်လည်း လိုအပ်မည်က မလွဲ။

ကိုရိုဆေး