တနင်္သာရီတိုင်း မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာကော်မတီမှ မသန်စွမ်းကိုယ်စားလှယ် နုတ်ထွက်မည်

0
532

မသန်စွမ်းသူများ အခွင့်အရေး ဥပဒေအရ တနင်္သာရီတိုင်းအစိုးရအဖွဲ့က ဖွဲ့စည်းထားသော တိုင်းမသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ တစ်ဦးတည်းသော မသန်စွမ်းကိုယ်စား လှယ်သည် ယင်းကော်မတီမှ နုတ်ထွက် တော့မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

တနင်္သာရီတိုင်း မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာကော်မတီကို တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချူပ်က ဥက္ကဋ္ဌ၊ တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင် သာယာရေးဝန်ကြီးက ဒုဥက္ကဋ္ဌ၊ မသန် စွမ်းကိုယ်စားလှယ်တစ်ဦး စသည်ဖြင့် စုစုပေါင်းအဖွဲ့ဝင် ၁၉ ဦးဖြင့် ယခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် စတင်ဖွဲ့စည်း ထားသည်။

အဖွဲ့ဝင်များနေရာတွင် ပညာရေး ဌာန၊ ပြည်သူ့ကျန်းမာ၊ စည်ပင်သာယာ ရေးအဖွဲ့၊ လမ်းဦးစီးဌာန စသည့် တိုင်း အဆင့်ဌာနဆိုင်ရာ ညွှန်ကြားရေးမှူး ၁၆ ဦးပါဝင်ပြီး မသန်စွမ်းကိုယ်စားလှယ် နေရာတွင် တနင်္သာရီတိုင်း လူငယ်ရေးရာ ကော်မတီမှ မသန်စွမ်း ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ကိုမျိုးမင်းဦး တစ်ဦးသာ ပါဝင်သည်။

ယင်းကော်မတီသည် တိုင်းအတွင်း ရှိ မသန်စွမ်းသူများ ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းပေးရန် ဖွဲ့စည်း ထားသော်လည်း မသန်စွမ်းကိုယ်စား လှယ်အဖြစ် ပါဝင်သူကို အကြောင်း ကြားခြင်း မရှိကြောင်း ကိုမျိုးမင်းဦးက ပြောသည်။

ယင်းကဲ့သို့ ကော်မတီတွင် ကိုယ်စား လှယ်အဖြစ် ထည့်သွင်းထားကြောင်း ကာယကံရှင်ကို အသိမပေးသည့်ကိစ္စ နှင့်ပတ်သက်ပြီး မသန်စွမ်းများအကြား ဝေဖန်မှုများနေကြောင်း ကိုမျိုးမင်းဦးက ပြောသည်။

ကိုမျိုးမင်းဦးသည် တနင်္သာရီတိုင်း လူငယ်ရေးရာကော်မတီတွင်လည်း ပါဝင် ထားပြီးဖြစ်သောကြောင့် တနင်္သာရီတိုင်း မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ကော်မတီတွင် ပါဝင်လိုခြင်းမရှိကြောင်း ယင်းကော်မတီ မဖွဲ့ခင်ကတည်းကပင် သက်ဆိုင်ရာတာဝန်ရှိသူတို့ထံ ထုတ် ပြောထားပြီးဖြစ်ကြောင်းလည်း ကိုမျိုးမင်းဦးက ပြောသည်။

“ရည်ရွယ်ချက်ကတော့ ကျွန်တော် တစ်ယောက်တည်း လိုက်လုပ်နေတာ ဘာမှ မထူးဘူး။ အခြားသော မသန်စွမ်း တွေကိုလည်း လူမှုပတ်ဝန်းကျင်ထဲကို အဖွဲ့အစည်းတွေထဲကိုပါ လာစေချင် တယ်။ ဒါကြောင့် အခြား(မသန်စွမ်း)သူတွေကိုပဲ ထည့်ပါလို့ ပြောလိုက်တယ်။ အဲဒီတုန်းက”ဟု ကိုမျိုးမင်းဦးက ပြောသည်။

အထက်ပါအကြောင်းများကြောင့် တိုင်းမသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ ကော်မတီတွင် ပါဝင်လိုခြင်းမရှိ တော့ကြောင်း တနင်္သာရီတိုင်းအစိုးရဖွဲ့ သို့ နုတ်ထွက်စာတင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်ရဲ့ တစ်ကိုယ်ရေ တစ် ကာယအနေနဲ့တော့ တိုင်းဒေသကြီး အစိုးရက ဖွဲ့ထားတဲ့ ဒီကော်မတီကနေ ကျွန်တော် ပါဝင်လိုခြင်း မရှိဘူးဆိုတဲ့ စာကိုတင်ပေးမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

တိုင်းမသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာကော်မတီကို စတင်ဖွဲ့စည်းရန် မသန်စွမ်းများထံ လျှောက်လွှာများပေးပို့ ခဲ့ဖူးပြီး နောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တိုင်းအတွင်း သဘာ၀ ဘေးအန္တရာယ်များ ကျရောက်နေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်ဟုဆိုကာ ယင်းကော်မတီကို မဖွဲ့ဖြစ်ခဲ့ကြောင်း မသန်စွမ်းအရေး လှုပ်ရှားနေသူအချို့ ထံမှ သိရသည်။

လက်ရှိဖွဲ့ထားသည့် တိုင်းအဆင့် မသန်စွမ်းကော်မတီကို မည်သည့်အချိန် က ဖွဲ့လိုက်သည်ကိုပင် မသိရှိရကြောင်း မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူ များအသင်း ကော့သောင်းရုံးခွဲ ပြန်ကြား ရေးတာဝန်ခံ ကိုထွန်းဝင်းအောင်က ပြောသည်။

တိုင်းမသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ကော်မတီကိုလည်း အသစ် ပြန်လည်ဖွဲ့စည်းပေးရန် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဋ္ဌထံ စာပို့မည်ဖြစ်ကြောင်း ကိုထွန်းဝင်းအောင်က ပြောသည်။

လူမှုဝန်ထမ်းမှာ တာဝန်ရှိသူတစ်ဦး ကမှု ယင်းကော်မတီကိုပြန်လည်ဖွဲ့စည်း လိုသည့် ဆန္ဒရှိပါက ပြန်လည်ဖွဲ့စည်း နိုင်ပြီး ယင်းကဲ့သို့ ပြန်လည်ဖွဲ့စည်းရန် အတွက် အမျိုးသားဆင့်ကော်မတီထံ စာပို့စရာမလိုဘဲ တိုင်းလှုမှုဝန်ထမ်း ဦးစီးဌာနကို စာပို့ပေးနိုင်ကြောင်း ပြောဆိုသည်။

“ဥပဒေအရ ပြန်ဖွဲ့လို့ မရဘူးဆိုပြီး ပြောထားတာ မရှိတဲ့အတွက် ပြန်ဖွဲ့မယ် ဆိုရင်လည်း ရတယ်ပေါ့။ တိုင်းအဆင့် ကော်မတီကို တိုင်းကသာ ဖွဲ့တာဖြစ်တဲ့ အတွက်ကြောင့် ပြည်ထောင်စုအဆင့် အထိ စာတင်နေစရာ မလိုဘူး။ တိုင်းအစိုးရကို လူမှုဝန်ထမ်းကနေတစ်ဆင့် တင်လို့ရတယ်”ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းထားသည့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေတွင် တိုင်းအဆင့်ကော်မတီကို အမျိုးသားအဆင့်ကော်မတီက ဖွဲ့စည်း ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားပြီး ယင်းကော်မတီတွင် မသန်စွမ်းကိုယ်စားလှယ်ဦးရေ မည်မျှပါဝင်ရမည်ဆိုသည် ကိုမူ ဖော်ပြထားခြင်း မရှိပေ။

Dawei Watch