ကော့သောင်း နန္ဒာဝန်ဈေးဆိုင်ခန်း ငါးဆယ် ရောင်းချမည်

0
530

ကော့သောင်းမြို့ ရွှေဇင်ယော်ရပ် ကွက် နန္ဒဝန်ဈေးရှိ ဆိုင်ခန်းငါးဆယ်ကို ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သုံးဆယ်ငါး သိန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း ယင်းဈေးကော်မတီနှင့် ကော့သောင်းမြို့ စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

နန္ဒဝန်ဈေးအပြင်ဘက်ရှိ ရှစ်ပေ ပတ်လည်အရွယ်ရှိသော ကုန်ခြောက် ပစ္စည်းဆိုင်ခန်း ၂၇ ခန်းနှင့် ဈေးအတွင်း ရှိ ဆိုင်ခန်း စုစုပေါင်း ဆိုင်ခန်း ငါးဆယ်ကို ရောင်းချမည်ဖြစ်ပြီး ဝယ်ယူ ခွင့်လျှောက်လွှာများကို ဒီဇင်ဘာလ ၂၀ ရက်မှ ၃၀ ရက်အထိ ဝယ်ယူနိုင်ကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် ဦးမိုးတိမ်က ပြောသည်။

“ဈေးဆိုင်ခန်းတွေကို လက်ဝါး ကြီးအုပ်တာမျိုး မရှိရအောင် အိမ်ထောင်စုတစ်စုကို တစ်ယောက်ပဲ ဝယ်ယူခွင့် ရှိတယ်။ ရောင်းချတဲ့နေရာမှာလဲ ပွင့်လင်း မြင်သာစွာနဲ့ ရောင်းချပေးမှာပါ”ဟု ဦးမိုးတိမ်က ပြောသည်။

ဈေးအပြင်ဘက်ဆိုင်ခန်းများကိုမှု အများပြည်သူ မည်သူမဆို ဝယ်ယူနိုင်သည်။ ဈေးအတွင်းရှိ ဆိုင်ခန်းများကို ယင်းဈေး အတွင်း နှစ်ပေါင်းများစွာ အခြားသူများ ထံတွင် တစ်ဆင့်ခံငှားရမ်း ,ရောင်းချနေသူ များကို ဦးစားပေးရောင်းချမည်ဖြစ်ကြောင်း နန္ဒဝန်ဈေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းဆန်းက ပြောသည်။

လက်ရှိတွင် ယင်းဈေးဆိုင်ခန်းများ ကို ဝယ်ယူရန် စိတ်ဝင်းသူများ နည်းပါး နေသည်ကို တွေ့ရပြီး ရောင်းချသည့် ဆိုင်ခန်းဈေးနှုန်း ကြီးမြင့်သည်ဟု ဝေဖန် သူများလည်းရှိနေကြောင်း ဦးမိုးတိမ်က ပြောသည်။

ဆိုင်းခန်းတစ်ခန်း ကျပ်သုံးဆယ် ငါးသိန်းဆိုသည့် ဈေးနှုန်းကို ယင်းဈေးသူ၊ ဈေးသားများက ရွေးကောက်တင်မြှောက် ထားသည့် ဈေးကော်မတီအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ညှိနှိုင်း တိုင်ပင်ကာ သတ်မှတ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ရောင်းချသည့်ဆိုင်ခန်းအရေအတွက် ထက် ဝယ်ယူသူဦးရေများပါက မဲစနစ် ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဆိုင်ခန်း ပိုင်ဆိုင်ခွင့် ရသူများသည် ကျပ်ငါးသိန်း ကို ကနဦး ကြိုတင်အာမခံအဖြစ် ပေးသွင်း ရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ ရေးကော်မတီက ထုတ်ပြန်ထားသည်။

ယင်းဆိုင်ခန်းများရောင်းချရငွေများ ကို နန္ဒဝန်ဈေးအတွင်း အိမ်သာများ ဆောက်လုပ်နိုင်ရေးနှင့် ဈေးစည်ပင် သာယာရေးကိစ္စများတွင် သုံးစွဲသွားမည် ဖြစ်ကြောင်း နန္ဒဝန်ဈေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းဆန်းက ပြောသည်။

Dawei Watch