သဗျာတွင် ရော်ဘာအနံ့ဆိုး မခံနိုင်သဖြင့် တိုင်ကြား

0
513

ထားဝယ်မြို့နယ် သဗျာကျေးရွာတွင် နေထိုင်သူ အချို့က ရွာလယ်ရှိ ရော်ဘာဒိုင်မှ ရော်ဘာအနံ့ဆိုးကို မခံနိုင်သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ စုပေါင်း လက်မှတ်ထိုး တိုင်ကြားလိုက်သည်။

ဒီဇင်ဘာလ ၁၃ ရက်က ရွာသူ ရွာသား ၅ ဦးက စုပေါင်းလက်မှတ်ရေးထိုး တိုင်ကြားခဲ့ကြောင်း တိုင်ကြားသူတစ်ဦး ဖြစ်သည့် ဦးဝင်းဋ္ဌေးက ပြောသည်။

ယင်းရော်ဘာဒိုင်မှာ ရော်ဘာချေး၊ ဒညင်းသီးနှင့် ကွမ်းသီးစိမ်းတို့ ဝယ်သည့် ဒိုင်ဖြစ်ပြီး စာသင် ကျောင်းနှင့်လည်းနီးကာ ကျောင်းသူကျောင်းသားများလည်း ယင်းဒိုင်ရှေ့မှ နေ့စဉ်ဖြတ်သွားနေကြ ရသည်ဟု ဦးဝင်းဋ္ဌေးက ပြောသည်။

ယင်းဒိုင်နှင့် အနီးတစ်ဝိုက်တွင် ကျန်းမာရေး မကောင်းသူများရှိနေပြီး အနံ့ဆိုးမှာ ပြင်းလွန်း သောကြောင့် ကျန်းမာရေးမကောင်းသူ ထပ်များလာ မည်ကို စိုးရိမ်လျက်ရှိကြောင်း တိုင်စာတွင် ပါရှိ သည်။

“နေပူပြင်းချိန်ဆို အနံ့ဆိုးက ပိုထွက်တယ်။ ပစ္စည်းတွေ ဝယ်ပြီးရင် အခြားနေရာမှာ သွားရွှေ့ ထားစေချင်တယ်။ ရွာအုပ်ချုပ်ရေးမှူးကို တင်ပြပေမယ့် မထူးလို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်တာပါ”ဟု ဦးဝင်းဋ္ဌေးက ပြောသည်။

ရော်ဘာဒိုင်ပိုင်ရှင်ကို ခေါ်ယူဆွေးနွေးပြီးဖြစ်ကာ လက်ရှိတွင် နံနက်ဝယ်၊ ညနေ မြို့သို့ ပစ္စည်းပို့သည့် စနစ်ဖြင့် လုပ်ဆောင်နေသည်ဟု ရော်ဘာဒိုင် ပိုင်ရှင်က ပြောဆိုထားကြောင်း သဗျာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဦးက ပြောသည်။

“သူတို့က စီးပွားရေးလုပ်နေတာကို ကျွန်တော် က တားပိုင်ခွင့် မရှိပါဘူး။ အနံ့ထွက်နေတာကို အထွက်နည်းအောင် ဘယ်လိုလုပ်မယ်ဆိုတာ ရုံးကို ခေါ်ဆွေးနွေးပေးပြီးပါပြီ”ဟု ဦးကျော်မင်းဦးက ပြောသည်။

ဦးဝင်းဋ္ဌေးကမူ မြို့နယ်မှ တစ်စုံတစ်ရာ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။

Dawei Watch