လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲတွင် လွန်ဆွဲပွဲ ထည့်သွင်းကျင်းပ မည်

0
998

တိုင်းအဆင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ရိုးရာအားကစားနည်း တစ်မျိုးဖြစ်သည့် လွန်ဆွဲပြိုင်ပွဲကို ထည့်သွင်းကျင်းပသွား မည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က ယခုနှစ်တွင် ကျင်းပမည့် လွတ်လပ်ရေးနေ့ ,အထိမ်းအမှတ် အား ကစားပြိုင်ပွဲများတွင် ရိုးရာအားကစား နည်းတစ်မျိုး ထပ်ထည့်ရန်ပြောကြား သဖြင့် ရိုးရာအားကစားနည်းတစ်မျိုးဖြစ် သည့် လွန်ဆွဲပြိုင်ပွဲကို ထည့်သွင်းကျင်းပခြင်း ဖြစ်ကြောင်း အထက်ပါ ဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

“လွတ်လပ်ရေးပွဲဆိုတာ လူအများ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ ကစားနည်း ဖြစ်ရမယ်၊ လူအများ စိတ်ပါဝင်စားပြီးတော့ လူအများ ပါဝင်ယှဉ်ပြိုင်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနည်းကို ကျောရိုး ထားတာ”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

ယခင်က လွတ်လပ်ရေးနေ့အထိမ်း အမှတ် အားကစားပြိုင်ပွဲများတွင် ကံစမ်း မဲအစီအစဉ်များထည့်သွင်းခဲ့သော်လည်း ယခုနှစ်တွင် စပွန်ဆာပေးသူမရှိ သဖြင့် ကံစမ်းမဲအစီအစဉ် ထည့်သွင်း နိုင်ခြင်း မရှိကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

လွန်ဆွဲပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက် မှ ဇန်နဝါရီ ၂ ရက်အထိ ညနေ ၃ နာရီ ခန့်တွင် တိုင်းအားကစားကွင်း၌ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး တစ်သင်းလျှင် ပြိုင်ပွဲဝင် ၁၀ ဦး အရန်လူ ၃ ဦးဖြင့် အမျိုးသား သီးသန့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ စစ်တုရင် ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဖူဆယ် ဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ မိုက်ကရို မာရသွန်အပြေး ပြိုင်ပွဲနှင့် ခေါင်းအုန်းရိုက်ပြိုင်ပွဲ၊ ချော တိုင်တက်ပြိုင်ပွဲ စသဖြင့် အားကစား နည်း ၈ မျိုးနှင့် ပျော်ပွဲရွှင်ပွဲအားကစား နည်း ၈ မျိုးပါဝင်ကြောင်း သိရသည်။

အထက်ပါ အားကစားပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကစားလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနသို့ လာရောက် စာရင်းပေးနိုင်ကြောင်း အထက်ပါဌာန ထံမှ သိရသည်။

တိုင်းအဆင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ ပြုလုပ်ရန်အတွက် ငွေကျပ်သိန်းငါးဆယ် ကျော်ကို တိုင်းအစိုးရမှ ထောက်ပံ့ပေး မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

မိုးမြင့်