ရေဖြူမြို့မရဲစခန်းတွင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန် လိုအပ်

0
357

ရေဖြူမြို့မရဲစခန်းကို တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌအပါအဝင် တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ ဒီဇင်ဘာလ ၁၁ ရက်က သွားရောက်စစ်ဆေးခဲ့ပြီး ဝန်ထမ်းအိမ်ရာလိုအပ်ချက် ရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ပြောသည်။

ယင်းရဲစခန်းတွင် စုစုပေါင်း ဝန်ထမ်း အင်းအား ၄၀ ကျော်ရှိသည့်အနက် ဝန်းထမ်း ၁၃ ဦးမှာ နေစရာ ဝန်ထမ်းအိမ်ရာ မရှိသည်ကို တွေ့ရှိခဲ့ပြီး သစ်ဖြင့်ဆောက် လုပ်ထားသည့် ကျန်ဝန်ထမ်းအိမ်ရာများ မှာလည်း ဆိုးရွားစွာ ပျက်စီးနေသည်တို့ကို တွေ့ရှိခဲ့ကြောင်း ဦးကြည်စိုးက ပြောသည်။

ရေဖြူမြို့မရဲစခန်းတွင် ခြောက်ခန်း တွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာတစ်ဆောင် ဆောက်လုပ်ပေးနိုင်ရန် တိုင်းလွှတ်တော် မှတစ်ဆင့် တောင်းဆိုမည်ဖြစ်ကြောင်း လည်း ဦးကြည်စိုးက ပြောသည်။

“ဝန်းထမ်းတွေအနေနဲ့ စိတ်ပိုင်း ဆိုင်ရာဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ် ချို့တဲ့အားနည်းနေရင် တိုင်းပြည်တာဝန် ပိုင်း ဆောင်ရွက်တဲ့အခါမှာ ထိခိုက်မှုလေး တွေ ရှိနိုင်တာကြောင့် အဲဒါလေးတွေကို ကုစားပေးဖို့ဆိုတဲ့ အနေနဲ့ပေါ့လေ”ဟု ၎င်းက ဆိုသည်။

ရေဖြူမြို့မရဲစခန်းမှူးကလည်း တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌနှင့် တိုင်းအစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ လာရောက်ကြည့်ရှုစဉ် ဝန်ထမ်း အိမ်ရာဆောက်လုပ်နိုင်ရန် ဆောင်ရွက်ပေးမည်ဟု ပြောခဲ့ကြောင်း ပြောသည်။

လက်ရှိတွင် ဝန်ထမ်းအိမ်ရာမရှိ သည့် ဝန်ထမ်း ၁၃ ဦးကို မည်ကဲ့သို့နေစရာ စီစဉ်ပေးထားကြောင်း မေးမြန်းရာတွင်မူ အသေးစိတ်ကို ဖြေကြားခွင့်မရှိကြောင်း ၎င်းက ပြောဆိုသည်။

ကျော်သူစိုး