မြိတ်တွင် မဲဖောက်ပေးမည်ဆိုကာ ပစ္စည်းလိမ်ရောင်း

0
587

မဲဖောက်ပေးမည်ဟုဆိုကာ ပစ္စည်းများ လိမ်လည်ရောင်းချနေကြကြောင်း မြိတ်မြို့နေ ပြည်သူတချို့နှင့် ရေမြစ်ကြီး ရွာသားများထံမှ သိရသည်။

မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာအုပ်စု၊ ရေမြစ်ကြီးရွာတွင် ဒီဇင်ဘာလ ၁၅ ရက် က ထိုင်းစကားပြောသည့် အမျိုးသမီးတစ်ဦး နှင့် မြန်မာ အမျိုးသား ၃ ဦးတို့က လယ် ထွန်စက်၊ ထော်လာဂျီ၊ မြက်ရိတ်စက်၊ ဆိုင်ကယ်နှင့်တစ်ခြား အဖိုးတန်ပစ္စည်း များကို ဓာတ်ပုံပြပြီး မည်သည့်ပစ္စည်း ပေါက်သည်ဖြစ်စေ မြန်မာငွေ တစ်သိန်း ကျပ်ပေးရမည်ဆိုကာ မဲဖောက်ပေးခဲ့ ကြောင်း ယင်းရွာသားတချို့ထံမှ သိရသည်။

ယင်းသို့မဲဖောက်ပေးရာ ဂက်စ်မီးဖို တစ်လုံး မဲပေါက်ပြီး ငွေကျပ်တစ်သိန်း ပေးခဲ့ရကြောင်း မဲပေါက်သူ ကာယကံရှင်က ပြောသည်။

“ပေါက်တဲ့ ဂက်စ်မီးဖိုက ၂ သောင်း ကျော်ပဲတန်တာ အမေ့ဆီမှာ ငွေတစ်သိန်း လိမ်ယူသွားတယ်”ဟု ကာယကံရှင် ရေမြစ်ကြီးရွာသား ကိုစိုးသက်ဌေးက ပြောသည်။

ကိုစိုးသက်ဌေးက မသင်္ကာသဖြင့် ဖုန်းဖြင့်ဓာတ်ပုံရိုက်စဉ် ယင်းအဖွဲ့သည် ပစ္စည်းများ အမြန်သိမ်းကာ မောင်းထွက် ပြေးသွားကြောင်း ရေမြစ်ကြီးရွာသား ဦးမြင့်စိုးက ပြောပြသည်။

“ကားနံပါတ် ဓာတ်ပုံတော့ ရိုက် ထားလိုက်နိုင်ခဲ့တယ်။ ရဲစခန်းမှာ အမှု သွားဖွင့်ဖို့လည်း စဉ်းစားနေတယ်”ဟု ၎င်းက ပြောသည်။

ယင်းသို့ အဖိုးတန်ပစ္စည်းများကို ဓာတ်ပုံပြကာ မဲဖောက်ပေးသော်လည်း ကားပေါ်တွင်မူ တစ်သိန်းတန်အောက် ပစ္စည်းများသာ တင်ထားသည်ကို တွေ့ရကြောင်း မျက်မြင်များက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက လည်း အဆိုပါဖြစ်စဉ်နှင့် အလားတူ မဲဖောက်လိမ်လည် ရောင်းချမှု မြိတ်မြို့၊ မြို့သစ်ရပ်ကွက်အတွင်း ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက်နေ ဦးနိုင်ဝင်းက ပြောပြသည်။

“အိမ်နှစ်ဆယ်လောက် အလိမ်ခံ လိုက်ရတယ်။ တစ်အိမ်တည်းကို ၃ သိန်း ပေးလိုက်ရတဲ့အိမ် ရှိတယ်”ဟု ၎င်းက ပြောသည်။

ပေါက်သည့် မဲအများစုမှာ အမြင့်ဆုံး ၅သောင်းအထိသာ တန်ဖိုးရှိသည့် ပစ္စည်းများဖြစ်ကြောင်း မြို့သစ်ရပ်နေ မဲပေါက်ခဲ့ဖူးသူတချို့ထံမှ သိရသည်။

လက်ရှိအချိန်တွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး လာရောက်တိုင်ကြားထား သူမရှိသေးသော်လည်း ဖြစ်စဉ်အား စုံစမ်းပြီး မည်သို့ဆောင်ရွက်နိုင်သည်ကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း မြိတ် မြို့မ ရဲစခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောသည်။

Dawei Watch