လယ်သမားများထံမှ စပါးဝယ်ယူရန် တနင်္သာရီတိုင်းအစိုးရ စီစဉ်

0
719

တနင်္သာရီတိုင်းအတွင်းရှိ လယ်သမားများထံတွင် စပါးဝယ်ယူရန်အတွက် တနင်္သာရီတိုင်းအစိုးရ အဖွဲ့က စီစဉ် ဆောင်ရွက်နေပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ထံ ဒီဇင်ဘာလ ၁၇ ရက်က တင်ပြ ထားကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနက တိုင်းနှင့်ပြည်နယ်အားလုံးရှိ လယ်သမား များထံတွင် စပါးဝယ်ယူရန်အတွက် ကျပ် ၁၅ ဘီလီယံ (ကျပ်သိန်းပေါင်း တစ်သောင်းငါးထောင်ကျပ်) ကို လှည့်ပတ်ရန်ပုံငွေ အဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယင်းလှည့်ပတ်ရန်ပုံငွေကို အသုံးပြု၍ တိုင်းအတွင်းရှိလယ်သမားများထံမှ စပါးဝယ်ယူခွင့် ရရှိရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး ဦးဆောင်သည့် တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ထံ တင်ပြထားကြောင်း ဒေါ်ရီရီချိုက ပြောသည်။

တိုင်းအတွင်း သဘာ၀ဘေးအန္တရာယ် ကျရောက်ပါက အသုံးပြုရန် အစိုးရက နှစ်စဉ်ဝယ်ယူနေကျဖြစ်သည့် အရန်ဆန် သိုလှောင်ထားနိုင်ရန်အတွက် ယင်းကဲ့ သို့ ဒေသအတွင်း လယ်သမားများထံတွင် စပါးဝယ်ယူရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“တောင်သူလယ်သမားတွေမှာ စပါးလှိုင်လှိုင်ထွက်တဲ့အချိန်ဆို လယ်သမား တွေမှာ စပါးဈေးမရဖြစ်တတ်တယ်။ အဲဒီအချိန်မှာ အစိုးရက ဘေးစီမံအတွက် အရန်ဆန်တွေ သိုလှောင်ရတယ်။ အဲဒီ အရန်ဆန်တွေ သိုလှောင်ဖို့အတွက် အစိုးရက ဝယ်ပေးလိုက်ရင် စပါးဈေးက ခုသာခံသာ ရှိသွားမယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော် လက်ထက်ကမူ တနင်္သာရီတိုင်းအတွက် အရန်ဆန်ကို ပဲခူးတိုင်း တောင်ငူမြို့တွင် ဝယ်ယူခဲ့သည်။

တိုင်းအစိုးရအနေနှင့် ဒေသတွင်း လယ်သမားများထံတွင်ဝယ်ယူမည့် စပါးဈေးနှုန်း၊ အရည်အသွေး၊ မည်သည့် အဖွဲ့ (အစိုးရကိုယ်တိုင် သို့မဟုတ် ဆန်ကုန်သည်အသင်း) တို့ကဝယ်ယူမည် စသည့် အသေးစိတ်အချက်အလက်များကို မစီစဉ်ရသေးသော်လည်း ထားဝယ်ခရိုင် ဆန်းစပါးအသင်းနှင့်မူ ဆွေးနွေးထားကြောင်း ဒေါ်ရီရီချိုက ပြောသည်။

ထားဝယ်ခရိုင် ဆန်းစပါးအသင်း ဥက္ကဋ္ဌ ဦးနိုင်လွင်လတ်ကမူ စပါးဝယ်ယူရာတွင် ဒေသနှင့်ကိုက်ညီမှုရှိသည့် အရည်အသွေး စံသတ်မှတ်ချက်မျိုးဖြစ်ရန်၊ လယ်သမားများလက်ဝယ်တွင် စပါး ရှိနေသည့်အချိန်တွင်ဝယ်ယူရန်နှင့် စပါးဝယ်ယူမှုကို စောင့်ကြည့်ထိန်းကြောင်း သူများရှိရန် စသည့်တို့ရှိရန် လိုအပ်ကြောင်း အကြံပြုသည်။

အစိုးရအစီအစဉ်ဖြင့် ဒေသတွင်း လယ်သမားများထံတွင် စပါးဝယ်ယူမည် ဆိုပါက ဈေးနှုန်းနှင့် ဝယ်ယူမည့် တင်းတောင်းအရွယ်အစားကို အဓိကကြပ်မတ် ပေးရန်လိုအပ်ကြောင်း လောင်းလုံးမြို့ နယ် ရေဖြူကျေးရွာမှ လယ်သမား ဦးမောင်ဝင်းက ပြောသည်။

လက်ရှိတွင် လယ်သမားများမှာ စပါးဈေးနည်းသည့်အပြင် ၅၆ ပေါင်နှင့် ပေါင် ၆၀ ကြားရှိတင်းတောင်းများဖြင့် ရောင်းချနေရကြောင်း ဦးမောင်ဝင်းက ပြောသည်။

လက်ရှိတွင် ထားဝယ်ခရိုင်ရှိ စပါး ဈေးနှုန်းမှာ ဒေသထွက် ကမာကြည် တစ်တင်းလျှင် ငါးထောင်နှင့်ခုနှစ်ထောင်ကျပ်အကြား၊ ဆန်ကြမ်းအမျိုးအစား စပါးများမှာ တစ်တင်းလျှင် လေးထောင်ကျပ်ဝန်းကျင် ပေါက်ဈေးရှိကြောင်း လယ်သမားအချို့ထံမှ သိရသည်။

“ဝယ်တဲ့သူတွေက တင်းတောင်း ကြီးတွေနဲ့ဝယ်တယ်၊ စပါးဈေးကနည်းတယ်၊ စပါးခြင်တွယ်ဖို့လုပ်သမားခပေး ရတယ်။ လယ်သမားတွေမှာက သုံးဆင့်တောင်နစ်နာနေတာ”ဟု ဦးမောင်ဝင်းက ဆိုသည်။

တိုင်းအစိုးရသည် လယ်သမားများ ထံတွင် စပါးဝယ်ယူမည့် ရန်ပုံငွေ သိန်းတစ်ထောင်မှ သိန်းတစ်ထောင့်ငါးရာရရှိမည်ဟု မျှော်မှန်းထားကြောင်း တနင်္သာရီတိုင်း အစိုးရအဖွဲ့ဝင် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။ အစိုးရက သတ်မှတ်ထားသည့် အခြေခံ စပါးဈေးနှုန်းမှာ တစ်တင်း ငါးထောင်ဖြစ်သည်။

ကျော်သူစိုး