တနင်္သာရီတွင် တက္ကသိုလ်ကျောင်းသားများ ဖန်တီးမှုစွမ်းရည်ပြပွဲ ပြုလုပ်ရန် ရန်ပုံငွေ အခက်အခဲဖြစ်နေ

0
1025

တနင်္သာရီတိုင်းအတွင်းရှိ တက္ကသိုလ် များ အားလုံးပါဝင်သည့် ပထမဆုံး တက္ကသိုလ်ကျောင်းသားများ၏ ဖန်တီးမှု စွမ်းရည်ပြပွဲ (Thnintharyi Regional Student Creative Show) ပြုလုပ်ရန် အတွက် ရန်ပုံငွေ အခက်အခဲဖြစ်နေကြောင်း ထားဝယ်ခရိုင် ကျောင်းသားများ သမဂ္ဂ ထံမှ သိရသည်။

ယင်းပြပွဲကို လက်ရှိ ၂၀၁၉ ခုနှစ် အတွင်း ပြုလုပ်နိုင်ရန်အတွက် တိုင်း အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်အချို့ထံ ရန်ပုံငွေရရှိရေး အကူအညီတောင်းခံ ခဲ့သော်လည်း အဆင်မပြေခဲ့သောကြောင့် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှ ပြုလုပ်ရန် ရွှေ့ဆိုင်းထားကြောင်း အထက်ပါသမဂ္ဂ ဥက္ကဋ္ဌ ကိုမျိုးမင်းဦးက ပြောသည်။

“အဓိက အခက်အခဲကတော့ ဘတ် ဂျက်ပဲ ဖြစ်နေတာပေါ့။ ကျွန်တော်တို့မှာ လူအင်အားရှိနေပေမယ့် ဘတ်ဂျက်ပိုင်း ကို ကူညီပေးတဲ့သူ မရှိဘူးဆိုတော့ အခက်အခဲ ဖြစ်နေတယ်”ဟု ကိုမျိုးမင်းဦး က ဆိုသည်။

ယင်းပြပွဲတွင် Project များ၊ ပန်းချီ၊ ပန်းပု အနုပညာများပြသမည့် ကုန်ကျ စရိတ်၊ ပြပွဲကိုလာရောက်မည့်သူများ အတွက် ခရီးစရိတ်နှင့် စားသောက် စရိတ်များအတွက် စုစုပေါင်း ကျပ်သိန်း သုံးရာဝန်းကျင် လိုအပ်နေကြောင်း ကိုမျိုးမင်းဦးက ပြောသည်။

လက်ရှိတွင် ယင်းပြပွဲအတွက် နိုင်ငံ ကျော် အဆိုတော်များ ပါဝင်သည့် ရှိုးပွဲ တစ်ခုပြုလုပ်ကာ ရန်ပုံငွေရှာဖွေရန် ထားဝယ်ခရိုင်ရှိ ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တို့က လုပ်ဆောင်လျက်ရှိပြီး လက်မှတ်တစ်စောင်ကို ငါးထောင်နှင့်တစ်သောင်းကျပ်နှုန်းဖြင့် ရောင်းချလျက် ရှိသည်။

ယင်းရှိုးပွဲမှ ရရှိလာသည့် ရန်ပုံငွေ အခြေအနေပေါ်မှုတည်ပြီး တနင်္သာရီ တိုင်း တက္ကသိုလ်ကျောင်းသားများ၏ ဖန်တီးမှုစွမ်းရည်ပြပွဲ ပြုလုပ်နိုင်မည် ဖြစ်ပြီး ယင်းပြပွဲပြုလုပ်ဖြစ်ပါက ထားဝယ် တက္ကသိုလ်တွင် ကျင်းပရန် စီစဉ်ထား ကြောင်း ကိုမျိုးမင်းဦးက ပြောသည်။

ယင်းပြပွဲကို မွန်နှင့် ကရင်ပြည်နယ် တို့ရှိ တက္ကသိုလ်ကျောင်းသားများကို လည်း လေ့လာသူဖြစ်တက်ရောက်ရန် ဖိတ်ခေါ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းတွင် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်နှစ်ခု၊ နည်းပညာတက္ကသိုလ် နှစ်ခု၊ ကွန်ပျူတာတက္ကသိုလ်နှစ်ခုနှင့် ပညာရေးကောလိပ်တစ်ခု စုစုပေါင်း တက္ကသိုလ်ကောလိပ် ခုနစ်ခု ရှိသည်။

ယမန်နှစ်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် တက္ကသိုလ်ကျောင်းသား များ ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲကို တနင်္သာရီတိုင်းရှိ နည်းပညာ တက္ကသိုလ်(မြိတ်) ကျောင်းသားများ၏ Project တစ်ခုနှင့် ထားဝယ်တက္ကသိုလ်က ပန်းချီကားတစ်ချပ် သွားရောက်ပြသခဲ့ဖူးသည်။

Dawei Watch