ဆီးဂိမ်းပြိုင်ပွဲအတွက် တနင်္သာရီတိုင်းမှ ကစားသမားခြောက်ဦး ရွေးချယ်

0
549

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် တနင်္သာရီ တိုင်းမှ အားကစားသမား ၆ ဦးပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း အားကစားနှင့် ကာယပညာဦးစီး ဌာန ထံမှ သိရသည်။

ဂျူဒို၊ လက်ဝှေ့၊ ဘတ်စကတ်ဘော၊ ကာရာတေး၊ ပိုက်ကျော်ခြင်း စသည့် အားကစားနည်း ၅ မျိုးအတွက် တနင်္သာရီ တိုင်းမှ အမျိုးသား အားကစားသမား ၃ ဦး၊ အမျိုးသမီး အားကစားသမား ၃ ဦးကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ် ထားကြောင်း အထက်ပါဌာနမှ ညွှန်ကြား ရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် အကြိမ် ၃၀ မြောက် ဆီးဂိမ်းပြိုင်ပွဲကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၂ ရက် အထိ မနီလာ၊ ကလပ်၊ ဆုဗစ်ကျယ် စသည့် မြို့များတွင် ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းမှ ပြည်နယ်နှင့် တိုင်း ပြိုင်ပွဲများ သွားပြိုင်ချိန်တွင် အကောင်း ဆုံးအားကစားသမားများကို သက်ဆိုင် ရာ အားကစားအဖွဲ့ချုပ်များမှ လေ့ကျင့် ပေးထားကြောင်း ၎င်းက ပြောသည်။

၎င်းတို့အနက် အကောင်းဆုံးကစား သမားများကို ပြန်လည်ရွေးချယ်ကာ ဆီးဂိမ်းပြိုင်ပွဲသို့ သွားရောက်မပြိုင်ခင် တရုတ်ပြည်မှ ကစားသမားများနှင့် ပူးတွဲ လေ့ကျင့်စေပြီး ပြန်လာချိန်တွင် အပြီး သတ်လူရွေးကာ တစ်ခါတည်းစေလွှတ် သည်ဟု ၎င်းက ရှင်းပြသည်။

“တို့တိုင်းက (ဆီးဂိမ်း)ဂျူဒိုမှာဆို ရွှေတံဆိပ်တွေ ရဖူးတယ်။ ကျန်တဲ့ဟာ တွေကတော့ ကြေးတံဆိပ်တွေ ရဖူးတယ်”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို စင်ကာပူနိုင်ငံတွင်ပြုလုပ်ခဲ့ပြီး တနင်္သာရီ တိုင်းမှ အမျိုးသမီးဂျူဒိုကစားသမား တစ်ဦးက ရွှေတံဆိပ်ဆုဆွတ်ခူး ပေးခဲ့ပြီး အခြားကစားနည်းများတွင် ကြေးတံဆိပ် ဆုများရရှိခဲ့သည်ဟု ဦးစိုးမိုးနိုင်က ပြောသည်။

မလေးရှားနိုင်ငံတွင်ပြုလုပ်သည့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းမှ ကစားသမား ၈ ဦး ပါဝင်ခဲ့ပြီး ယင်းတို့အနက် အမျိုးသမီး ကရာတေးကစားသမားနှစ်ဦး ကြေးတံဆိပ် ဆု ဆွတ်ခူးပေးခဲ့ဖူးသည်ဟု အထက်ပါ ဌာနထံမှ သိရသည်။

Dawei Watch