မီးပွိုင့်များတွင် တပ်ဆင်ထားသည့် CCTV ကင်မရာများဖြင့် ရဲတပ်ဖွဲ့က စတင်စောင့်ကြည့်တော့မည် ဟုဆို

0
887

ထားဝယ်မြို့အတွင်းရှိ မီးပွိုင့်များတွင် တပ်ဆင်ထားသည့် CCTV များ ဖြင့် ရဲတပ်ဖွဲ့က စတင်စောင့်ကြည့်တော့ မည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူနှင့် ထားဝယ်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

မီးပွိုင့်လမ်းဆုံများနှင့် မြို့တွင်း နေရာအချို့တွင် CCTV ကင်မရာ ၃၃ လုံးကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ကာလ တွင် တိုင်းအစိုးရ ရန်ပုံငွေဖြင့် စည်ပင်သာယာရေးအဖွဲ့က တပ်ဆင်ထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ယင်းCCTV စောင့်ကြည့်ထိန်းချုပ်မည့် စနစ်ကို ငွေကျပ်သိန်း ၁၆၀ ကျော် အသုံးပြုကာ တပ်ဆင်ခဲ့ပြီး လက်ရှိတွင် ပြီးစီးနေပြီဖြစ်သည့်အတွက် တိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာ ယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ဆိုသည်။

“လွှဲမယ်။ တနင်္လာနေ့ကို။ အကုန် ပြီးနေပြီ။ လွှဲဖို့အဆင်သင့်ပဲ”ဟု ဦးအောင်ကိုဦးက ပြောသည်။

တပ်ဆင်ထားသည့် အဆိုပါ CCTV ကင်မရာ၏ အထိုင်စက်တွင် 2000GB အသုံးပြုထားသည့်အတွက် အချိန်တစ်လ ခန့်အထိ မှတ်သားထားနိုင်ကြောင်း သိရသည်။

တပ်ဆင်ထားသည့်CCTV ဖြင့် စောင့်ကြည့်ရန်အတွက် တိုင်းရဲတပ်ဖွဲ့မှူး ရုံးတွင် စောင့်ကြည့်ထိန်းချုပ်သည့်စနစ်ကို တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် တပ်ဆင်ထားသည်။

တိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းပြီးပါက စောင့်ကြည့်ရန် လတ်တလောတွင် တပ်ဖွဲ့ဝင်တစ်ဦးကို တာဝန်ချထားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီးစိန်ဝင်းက ဆို သည်။

“အခင်းဖြစ်ရင် ချက်ချင်းပိတ်ဆို့ နိုင်အောင် လုပ်မယ်”ဟု ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။

မီးပွိုင့်များတွင် တပ်ဆင်ထားသည့် CCTV ကင်မရာများကို ရန်ကုန်မြို့ အခြေစိုက် Myanmar Novel Icon ကုမ္ပဏီက တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး အာမခံ ၂ နှစ် (သဘာ၀ဘေးမပါ) ပေးထား ကြောင်း တိုင်းစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့ ပြီး အငြိမ်းစားယူသွားခဲ့သည့် ဦးလှမျိုးက ပြောဆိုထားသည်။

သို့ရာတွင် CCTV ကင်မရာအချို့ မှာ တပ်ဆင်ပြီး လအနည်းငယ်အကြာ တွင် ပျက်ယွင်းသွားခဲ့သော်လည်း လာရောက် ပြုပြင်ခြင်း မရှိသေးပေ။