တားမြစ်ပစ္စည်းပါ အလှကုန် ၉ မျိုး လောင်းလုံးဈေးကွက်တွင် သိမ်းဆည်း

0
509

တားမြစ်ဓာတုပစ္စည်း ပါဝင်သဖြင့် သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားသည့် အလှကုန်ကိုးမျိုးကို လောင်းလုံးမြို့နယ် ဈေးကွက်အတွင်း ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိသဖြင့် ပစ္စည်းများ သိမ်းဆည်းခဲ့သည်ဟု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA) ထံမှ သိရသည်။

မဒီ ၊ Lay now , Dr.Iapan, QIANLI, Polla Anti-Melasma Cream, Polla Gold, Polla Platinum, RUIQIAN, Antifreckle စသည့် အမှတ်တံဆိပ်အမည်များဖြစ်ပြီး မြန်မာဘာသာ၊ ထိုင်းဘာသာ၊ တရုတ်ဘာသာတို့ဖြင့် ဖော်ပြထားသည့် အလှကုန်ဘူးပေါင်း ၁၆၂ ဘူးကို သိမ်းဆည်း ခဲ့သည်ဟု အထက်ပါဌာန၏ စာရင်းများ အရ သိရသည်။

ပထမအကြိမ်ဖြစ် ခံဝန်လက်မှတ် ရေးထိုးထားပြီး နောက်ထပ်တစ်ကြိမ် သွားရောက် စစ်ဆေးချိန်တွင် ထပ်မံတွေ့ ရှိပါက အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့်သာ အရေးယူဆောင်ရွက်မည်ဟု သိရသည်။

အဆိုပါ အလှကုန်များတွင် ပြဒါး နှင့် Steroid ပါဝင်သဖြင့် သုံးစွဲရန် မသင့်ဟု တားမြစ်ထားခြင်း ဖြစ်သည်။

တားမြစ်ဓာတုပစ္စည်းများပါသဖြင့် သုံးစွဲမိက အရေပြားယားယံခြင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်း၊ အဖြူအနီကွက် များဖြစ်ခြင်း၊ မှတ်ဥာဏ်ချို့ယွင်းလာ ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်းနှင့် ရေရှည် သုံးစွဲမိပါက ကျောက်ကပ်ပျက်စီးခြင်း စသည့်ရောဂါများကို ဖြစ်ပွားစေနိုင်သည် ဟု FDA ထံမှ သိရသည်။

မိုးမြင့်