မြိတ်တွင် ဖုန်းအားသွင်းထားရာမှ ပေါက်ကွဲပြီး မီးလောင်

0
448

မြိတ်မြို့ အလယ်ကျွန်းနယ်မြေ သန်းဖိုရပ်ရှိ နေအိမ်တစ်ဆောင်တွင် နိုဝင်ဘာ လ ၂၃ ရက်က လက်ကိုင်ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီး ဌာနထံမှ သိရသည်။

အဆိုပါ မီးလောင်မှုအား ပြည်သူ တစ်ဦးမှ ဖုန်းဖြင့်သတင်းပေးပို့ခဲ့သဖြင့် မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးငြိမ်း သတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်တို့ဖြင့်အချိန်မီ မီးငြိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဦးစီး ဌာနမှ သိရသည်။

“အပူလွန်ပြီး ပေါက်ကွဲရာမှ မီးလောင်ခဲ့တာပါ”ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။

ဖုန်းမှာ အမျိုးအစားညံ့သည့်ဖုန်းတစ်လုံးဖြစ်ပြီး အားသွင်းထားရာ အပူလွန်ကဲကာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ဝင်းက ပြောသည်။

မီးလောင်မှုကြောင့် ဓနိမိုး၊ ထရံကာ ပျဉ်ခင်းနှစ်ထပ် လူနေအိမ်၏အပေါ်ထပ်၊ နှင့် တိုက်ခံပျဉ်ထောင်နှစ်ထပ်နေအိမ်ရှိ ဓနိအမိုးများနှင့် ထရံကာ၊ ပျဉ်ခင်းတစ် ထပ်နေအိမ်ရှိ ဓနိအမိုးများမီးလောင် ခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးစလောင်သည့် နေအိမ်တွင်ငှားရမ်း နေထိုင်သူ အသက် ၃၆ နှစ်ရှိအမျိုးသားအား မြိတ်မြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)