မြိတ်ရှိ သိမ်းဆည်းလယ်မြေများ မူလပိုင်ရှင်ထံ ဆောလျင်စွာပြန်ပေးမည်

0
542

မြိတ်မြို့နယ်အတွင်းရှိ သိမ်းဆည်း လယ်မြေများကို မူလပိုင်ရှင်လက်ထံ ဆောလျင်စွာ ပြန်ပေးနိုင်ရန် လုပ်ဆောင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

လယ်မြေများကို စစ်အစိုးရလက်ထက် ကတည်းက သိမ်းယူထားပြီး မူလရည် ရွယ်ချက်အတိုင်း အကောင်အထည်မဖော်နိုင်သော လယ်မြေများကို မူလပိုင်ရှင်ထံ ပြန်ပေးနိုင်ရန် စီစဉ်နေသည်ဟု ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

လက်ရှိတွင် ကော်မတီများဖွဲ့စည်းကာ သိမ်းဆည်းခံရမြေပမာဏ၊ လူဦးရေ ပမာဏများသည့် နေရာများသို့ ဦးစားပေး ကွင်းဆင်းစစ်ဆေးနေပြီး ပိုင်ဆိုင်မှု အရှုပ်အရှင်းကင်း(မူလပိုင်ရှင်မှ တစ်ဆင့် ပြန်ရောင်းချထားခြင်းမရှိ)သောလယ်ယာမြေများကို ဆောလျင်စွာ ပြန်ပေးအပ်မည်ဟု ဦးမြင့်စန်းက ပြောသည်။

“ပမာဏများတဲ့ဟာတွေကို အရင် လုပ်နေတယ်။ ပမာဏနည်းတာတွေကို ဆက်လက်စိစစ်ပြီး ပြန်ပေးနိုင်ဖို့ လုပ် သွားမယ်”ဟု ၎င်းက ပြောသည်။

ဦးမြင့်စန်းသည် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်ပြီး ၎င်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအရ လုပ်ဆောင်ခြင်း ဖြစ်သည်။

လက်ရှိတွင် စီမံကိန်း အကောင် အထည် မဖော်သည့် သိမ်းဆည်းလယ်မြေ အချို့တွင် မူလပိုင်ရှင်များက စိုက်ပျိုးလုပ်ကိုင်နေကြသော်လည်း ထိုစိုက်ပျိုးသူ များတွင် မြေယာပိုင်ဆိုင်မှုမရှိသဖြင့် အစိုးရမှ ထောက်ပံ့သည့် ချေးငွေများ၊ စက်ပစ္စည်း အရစ်ကျဝယ်ယူနိုင်မှုများနှင့် အခြားအခွင့်အရေးများ ဆုံးရှုံးနေကြသည်။

Dawei Watch