ထားဝယ်မြစ်ကူးတံတားအသစ်ကို ကမြောကင်းတံတားနံဘေးတွင် ဆောက်ရန် အတည်ပြု

0
3267
ထားဝယ်မြစ်ကူးတံတားအသစ်ဆောက်ရန်လျာထားသောနေရာ။
ထားဝယ်မြစ်ကူးတံတားအသစ်ဆောက်ရန်လျာထားသောနေရာ။ ဓာတ်ပုံ - ဝေယံစိုး

ထားဝယ်မြစ်ကူးတံတားအသစ်ကို လက်ရှိကမြောကင်းတံတားဘေးတွင် တည်ဆောက်ရန် ပြည်ထောင်စုအစိုးရက အတည်ပြုလိုက်ကြောင်း တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ ၄ ထံမှ သိရသည်။

တံတားအသစ်ကို လက်ရှိတံတား နှင့် DDPC ဈေးဝယ်စင်တာကြားရှိ အဆိုပြုနေရာ ၁ (Alignment-1) တွင် တည်ဆောက်ရန် ရွေးချယ်လိုက်ကြောင်း အထက်ပါဌာန တည်ဆောက်ရေးအဖွဲ့ (၄)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးထွန်းက ဆိုသည်။

အဆိုပြုနေရာ ၁ (Alignment-1) အဖြစ် ဖော်ပြထားသည့် ယင်းနေရာတွင် တည်ဆောက်ပါက တံတားအရှည် ပေ ၁၁၀၀ ခန့် တည်ဆောက်ရမည်ဖြစ်သည်။

အဆိုပါနေရာတွင် မြစ်ကြမ်းပြင် အောက် မြေသားစမ်းသပ်ရန်လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ်သိန်းငါးရာ သုံးစွဲမည်ဖြစ်ကြောင်း ဦးကျော်မျိုးထွန်းက ဆိုသည်။

လက်ရှိတွင် မြေသားစမ်းသပ်မည့် စက်ကို စောင့်ဆိုင်းနေပြီး စက်ရရှိချိန်တွင် လုပ်ငန်းစတင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မြေစမ်းဖို့အတွက် စက်တွေတောင်း ထားပါတယ်။ မြေစမ်းသပ်ပြီးရင် ဒီဇိုင်း ပုံထုတ် အဲလောက်ပဲရှိမှာပါ။ သိပ်အများကြီး မလုပ်နိုင်ပါဘူး၊ ဒီနှစ်ကတော့”ဟု ဦးကျော်မျိုးထွန်းက ဆိုသည်။

တိုင်းဒေသကြီး အစိုးရကလည်း ယင်းနေရာတွင်ပင် ဆောက်လုပ်သင့် ကြောင်း ပြည်ထောင်စုအစိုးရထံ သဘောထားမှတ်ချက်ပေးထားသည်။

ထားဝယ်မြစ်ကူးတံတားအသစ်ဆောက်မည့် ကိစ္စနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၇ ရက်က ဒေသခံအချို့ ပါဝင်သည့် ဆွေးနွေးရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင်လက်ရှိ ကမြောကင်းတံတားအနီးတွင်ပင်ကနဦး အဆိုပြုထားသည့် နေရာ ၃ ခုကို ထုတ်ပြန်ပြသခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဌာနက အဆိုပြုသည့်နေရာထက် ကြက်စားပြင် ရပ်ကွက် (မင်းရပ်ကူးတို့)တွင် တည်ဆောက်သင့်ကြောင်း ဒေသခံများက အကြံပြုဆွေးနွေးခဲ့ကြသည်။

တံတားအသစ်ကို ကြက်စားပြင်- မင်းရပ်ရွာဘက်တွင် ဆောက်ပါက လောင်းလုံးဒေသမှ မြိတ်ကားလမ်းသို့ သွားရောက်ရာတွင် မြို့ကိုရှောင်ကွင်းပြီး သွားလာနိုင်ခြင်း၊ ထားဝယ်မြို့ပြချဲ့ထွင်မှုအပိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတို့တွင် ဟန်ချက်ညီလာနိုင်ခြင်း၊ မြို့ အတွင်း ယာဉ်ကြောပိတ်ဆို့မှု နည်းပါးလာနိုင်ခြင်း အစရှိသည့် အားသာချက်များရှိကြောင်း ဒေသခံများက ဆွေးနွေးအကြံပြုကြသည်။

အစိုးရက ရွေးချယ်လိုက်သည့် တံတားအသစ်ဆောက်မည့်နေရာက အကျိုးသက်ရောက်မှုနည်းပါးသည့်အတွက် သဘောမတူကြောင်း ထားဝယ် မြို့ခံ လူငယ်တစ်ဦးဖြစ်သူ ကိုဝေဖြိုးက ဆိုသည်။

“ဒေသခံတွေ ဘယ်လို လိုအပ်လဲ ဆိုတာကို ကြိုတင်ပြီး စစ်တမ်းကောက်သင့်တာ”ဟု ကိုဝေဖြိုးက ပြောသည်။

လက်ရှိထားဝယ်မြစ်ကူး ကမြောကင်း တံတားကို ၁၉၇၅ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့ပြီး အရှည်ပေ ၁၁၀၀၊ ယာဉ်သွား လမ်းအကျယ် ၂၂ ပေရှိသည်။

အဆိုပါတံတားကို ပြုပြင်ထိန်း သိမ်းမှုများ ပုံမှန်လုပ်မည်ဆိုပါက နောက်ထပ်နှစ်ပေါင်း ၅၀ သို့မဟုတ် နှစ် ၁၀၀ ခန့်အထိ ဆက်လက်အသုံး ပြုနိုင်သေးကြောင်း ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးထွန်း ခန့်မှန်းထားသည်။

အသစ်တည်ဆောက်မည့် ထားဝယ်မြစ်ကူးတံတားအသစ်ကို နှစ်လမ်းသွား တံတားအဖြစ် တည်ဆောက်မည်ဖြစ်ပြီး ကားလမ်းအကျယ် ၂၈ ပေနှင့် လူသွား လမ်းပါဝင်မည်ဖြစ်ကြောင်း တံတားဦးစီး ဌာန အထက်ပါ တည်ဆောက်ရေးအဖွဲ့ ထံမှ သိရသည်။

ကိုဇော်