စုံစင်ကျေးရွာ သတ္တမတန်းကျောင်းသူ အသတ်ခံရမှု သံသယတရားခံအား ပြန်လွှတ်

0
679

စုံစင်ကျေးရွာတွင် ၇တန်းကျောင်းသူတစ်ဦးနေအိမ်တွင်လည်ပင်းလှီးသတ်ဖြတ်ခံရမှု အောက်တိုဘာ ၅ ရက်က ဖြစ်ပွားခဲ့ကြောင်း ဝင်းဝနယ်မြေ ရဲစခန်းထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပက်သက်ပြီး ကျူးလွန်သူဟု ယူဆရသော ချောင်း၀ ပြင်ကျေးရွာမှ အသက် ၃၃ နှစ်အရွယ် အမျိုးသားကို အခင်းဖြစ်ပွားသည့် နေအိမ် အနောက်ဘက်ရှိ ဘုန်းကြီးကျောင်း ဇရပ်တစ်ခု၌ ဓားငယ်တစ်ချောင်းနှင့် အတူ မသင်္ကာဖွယ် တွေ့ရသဖြင့် ပတ်ဝန်း ကျင်သက်သေ များ၏ ဆက်စပ်မှုများအရ သံသယတရားခံအဖြစ် ရမန်ယူကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ သံသယတရားခံအား အခင်း ဖြစ်ပြီးနောက်တစ်ရက် အောက်တိုဘာ ၆ ရက်တွင် ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၂၉ ရက်က ပြန်လွှတ်ခဲ့ခြင်း ဖြစ်သည်။

“သံသယတရားခံကို ဖမ်းတာ။ သူက အထောက်အထား မပြည့်စုံဘူးဆို ပြီးတော့ ကျွန်တော်တို့က ကျင့် ၁၆၉ အရ ပြန်လွှတ်ပေး လိုက်ပြီ။ တရားစွဲတင်ဖို့အတွက် အထောက်အထား အားနည်း တာပေါ့နော်။ လူတစ်ယောက်ကိုလည်း ကျွန်တော်တို့က ရက်ပေါင်း ၃၀ ထက်ပို ချုပ်မိန့်ပေးလို့ မရဘူး”ဟု ဝင်း၀နယ်မြေ ရဲစခန်းမှ ရဲအုပ်နေလင်းထွန်းက ပြောသည်။

ရက်ပေါင်း ၃၀ အတွင်း ခိုင်လုံသည့် သက်သေအထောက်အထားများကို ရှာရပြီး သက်သေအထောက်အထား မပြည်စုံဘဲ တရားရုံးတင်သွင်းရပါက လွတ်သွားနိုင်သည့် အခြေအနေများရှိသဖြင့် ခံဝန် ဖြင့် လွှတ်ပေးလိုက်ရသည်ဟု ရဲအုပ် နေလင်းထွန်းက ဆိုသည်။

ခံဝန်ဖြင့် လွှတ်ပေးထားသည့် သံသယတရားခံကို တရားစွဲတင်နိုင်ရန် ခိုင်လုံသည့် သက်သေအထောက်အထား များ ထပ်ရှာရမည်ဖြစ်ပြီး လက်ရှိအနေ အထားအရပတ်ဝန်းကျင်တွင် အမာခံ သတင်းပေးများကို ထား၍ တရားခံအစစ် ကို ဖမ်းမိနိုင်ရန်အတွက် ဆောင်ရွက်နေ သည်ဟု ၎င်းက ပြောသည်။

သံသယတရားခံကို စစ်ဆေးရာ တွင် သက်သေအထောက်အထားများ မပြည့်စုံသဖြင့် တရားခံအစစ်ကို ဖမ်းမိ နိုင်ရန်အတွက် နယ်မြေရဲစခန်းနှင့် ပူးပေါင်းကာ အမြန်ဆုံးဖော်ထုတ်သွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်၊ စုံစင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသင်းအောင်က ဆိုသည်။

“အမြန်ဆုံးကျွန်တော်အနေနဲ့ဖော် ထုတ်မယ်။ ဖမ်းမိအောင်လည်း ကျွန်တော် တို့ဘက်ကလည်း လုပ်မှရမှာ၊ မဟုတ်ရင် ဒီပြဿနာသည် နောက်ထပ်ဆက်ပြီး ဖြစ်လာနိုင်တယ်။ မပေါ်ရင် နောက်ဆက်တွဲ အန္တရာယ်တွေ ရှိလာနိုင်တယ်”ဟု ဦးသင်းအောင်က ဆိုသည်။

၇ တန်းကျောင်းသူသေဆုံးမှုနှင့် ပက်သက်၍ ၎င်း၏မိခင်က ဝင်း၀နယ်မြေရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်ဟု အထက်ပါနယ် မြေရဲစခန်းထံမှ သိရသည်။

Dawei Watch