ရွာရှင်နတ်ရုပ်အသစ်လဲသည့်ကိစ္စ စွပ်စွဲခံရသူများကို အမှုမှအပြီးအပြတ်လွှတ်

0
475

သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင် ရပ်ကွက်တွင် ရွာရှင်နတ်ရုပ်အသစ်လဲခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး စွဲဆိုထား သည့် အမှုတွင်စွပ်စွဲခံရသူများကို အမှုမှ အပြီးအပြတ်လွှတ်ရန် နိုဝင်ဘာလ ၁၄ ရက်တွင် စီရင်ချက်အမိန့်ချလိုက်ကြောင်း သရက်ချောင်းမြို့နယ်တရားရုံး ထံမှ သိရသည်။

နတ်ရုပ်အသစ်လဲသည့်ကိစ္စနှင့် ပတ်သက်၍ မူလအလှူရှင်ဟုဆိုသူက သရက်ချောင်းမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ- ၄၂၇ ဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ဦးတိုက်လျှောက်ထား ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတရားရုံး ထံမှ သိရသည်။

ရွာရှင်နတ်ရုပ်အသစ်ကို နတ်ရုပ်အဟောင်းအလှူရှင်အား အသိမပေးဘဲ ဖယ်ရှားခဲ့သည်ဟုဆိုကာ တရားစွဲခဲ့ခြင်း ဖြစ်သည်။

မူလနတ်ရုပ်အလှူရှင်ဟုဆိုသည့် ဦးဥာဏ်ဝင်းက ဒေသခံဖြစ်သည့် ဦးစုကမ်း အပါအဝင် ၇ ဦးကို စွဲဆိုခဲ့ကြောင်း ယင်းတရားရုံး ထံမှ သိရသည်။

ထိုကဲ့သို့ တရားစွဲဆိုမှုနှင့်ပတ်သက် ၍ ၃၂ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် နိုဝင်ဘာလ ၁၄ ရက်တွင် စွပ်စွဲခံရသူ ၇ ဦးကို အမှုမှ အပြီးအပြတ်လွှတ်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သရက်ချောင်း မြို့နယ်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဦးဇော်မင်းနိုင်က ဆိုသည်။

“အမှုကိုလည်း မှားယွင်းမှုလို့ သတ်မှတ်ခဲ့ပါတယ်”ဟု ဦးဇော်မင်းနိုင်က ပြောသည်။

တရားရုံးက ချမှတ်လိုက်သည့် အမိန့် နှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက အထက်တရားရုံးထံ အယူခံ သို့မဟုတ် ပြင်ဆင်မှု လျှောက်ထားနိုင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါအမှုတွင် တရားလိုပြ သက်သေ ၅ ဦးနှင့် တရားခံပြသက်သေ ၄ ဦးကို စစ်ဆေးခဲ့ကြောင်း အထက်ပါ တရားရုံးထံမှ သိရသည်။

ဆင်ဖြူပြင်ရပ်ကွက် နတ်ပွဲကို ပြာသိုလတွင် စည်ကားစွာ ကျင်းပလေ့ရှိကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။

Dawei Watch