ကွန်ကရစ် အခင်းများ၏ အန္တရာယ်

0
1710
https://www.mysteinbach.ca/blogs/8351/urban-surface-water-management-solutions/

မြို့ပြများတွင် သာမက ကျေးရွာ များတွင်ပါ ကွန်ကရစ်များကို အလွန်ခင်းလာကြသည်။

နေအိမ်ခြံဝင်းများတွင် ကွန်ကရစ်ခင်းသည်။ လမ်းများမှာလည်း ကွန်ကရစ်လမ်းများ ဖြစ်လာသည်။ စားသောက်ဆိုင်များ၊ ဟိုတယ်ဝင်းများ စသည့် စီးပွားရေးလုပ်ငန်းများတွင်လည်း ကွန်ကရစ်များကို ဖောဖောသီသီ ခင်းလာ ကြသည်။

သို့သော် ယင်းသို့ ဖောဖောသီသီ ခင်းလာခြင်း၏ နောက်ဆက်တွဲ အကျိုး ဆက်များကို မတွက်သလောက်ပင် ဖြစ်သည်။

ကွန်ကရစ်များသည် ခိုင်သည်။ တာရှည်ခံသည်။ ခင်းရလည်း လွယ် သည်။ အကုန်အကျလည်း သိပ်မများလှ။ မြက်ခင်းများကဲ့သို့လည်း မကြာခဏ ရှင်းလင်း သုတ်သင်နေစရာ မလို။ ဖုန် လည်း မထတော့၊ စသည့် အကျိုးမြောက် မြားစွာ ရှိသည်။

သို့သော် ကွန်ကရစ်ကြောင့် ရေအစီး နှင့် ရေအစိမ့်ကို များစွာထိခိုက်စေသဖြင့် ယခုအခါ ပညာရှင်များ အလေးစိုက် ပြောဆိုသည့် ကိစ္စတစ်ရပ် ဖြစ်လာသည်။

ကွန်ကရစ်များ ခင်းလိုက်ခြင်းကြောင့် မြေအောက်သို့ ရေစိမ့်ဝင်မှုများစွာ နည်းပါး သွားသည်။

သိသာစွာ ထိခိုက်သည့် အချက်မှာ မြို့ပြများတွင် ရေစီးသည့် ပုံစံ ပြောင်းသွားသည်။

ကွန်ကရစ်ကြောင့် မြေအောက်သို့ ရေစိမ့်ဝင်မှု နည်းပါးသွား သဖြင့် မြေလွှာပေါ် ရေများလာသည်။ အကျိုးဆက်အဖြစ် မိုးရွာပါက ရုတ်တရက် ရေကြီးတော့သည်။

နောက်ထပ် ပြဿနာ တစ်ခုမှာ မြေအောက်ရေ ခမ်းလာခြင်း ဖြစ်သည်။ မြေအောက်ခမ်းလာပါက သောက်သုံးရေ ရှားပါးခြင်း၊ ရေတွင်းရေကန်များ ခမ်းခြောက်လာခြင်း စိုက်ပျိုးမြေများ ခြောက် သွေ့လာခြင်း၊ မြစ်ချောင်းများ ခမ်းလာ ခြင်းတို့ ဖြစ်နိုင်သည်။

ယင်းအကျိုးဆက်များသည် လူသားများ၏ စားဝတ်နေရေးနှင့် လူနေမှု ပုံစံ အပေါ်များစွာ သက်ရောက်မှု ရှိနိုင်သည်။

ရေငွေ့ပျံမှု၊ မြေလွှာတွင် ရေစီး ဆင်းမှု၊ မြေအောက်ရေစိမ့်ဝင်မှုတို့မှာ ကွန်ကရစ်အခင်း၊ နေအိမ်အဆောက်အအုံ များနှင့် များစွာ ဆက်စပ်နေသည်။

ဖော်ပြပါ ပုံလေးပုံကို ရှုပါက သိသာ ထင်ရှားစွာ သိနိုင်သည်။

ပုံ ၁ ပါ အခြေအနေတွင် သဘာ၀ အတိုင်းရှိသော မြေသားထု၊ သစ်တော ခြုံနွယ်များ ရှိသည်။

ထိုအခြေအနေတွင် ရွာသွန်းသော မိုး၏ ၄၀ ရာခိုင်နှုန်းမှာ အငွေ့ပြန်သည်။ ၁၀ ရာခိုင်နှုန်းများ မြေလွှာထုပေါ်သို့ စီးသွားသည်။ ၂၅ ရာခိုင်နှုန်းမှာ မြေသားထုအတွင်း အပေါ် လွှာများအတွင်း စီးသွားသည်။ ကျန် ၂၅ ရာခိုင်နှုန်းမှာ မြေအောက် ရေအဖြစ် စိမ့်ဝင်သွားသည်။

ပုံ ၂ တွင် သဘာ၀သက်သက် အခြေ အနေမဟုတ်တော့ဘဲ နေအိမ်တစ်လုံး ရှိလာသည်။

ရေမစီးဝင်နေသော မျက်နှာ ပြင် (ဥပမာ ကွန်ကရစ် မျက်နှာပြင်နှင့် နေအိမ်အဆောက်အအုံနေရာများ) ၁၀ မှ ၂၀ ရာခိုင်နှုန်းအထိ ရှိသည်။ ထိုအခြေ အနေတွင် ရွာသွန်းသော မိုး၏ ၃၈ ရာခိုင်နှုန်းမှာ အငွေ့ပျံသည်။ ၂၀ ရာခိုင် နှုန်းများ မြေလွှာထုပေါ်တွင် စီးသွား သည်။ ၂၁ ရာခိုင်နှုန်းမှာ မြေသားထုအတွင်း အပေါ်လွှာများအတွင်း စီးသွား သည်။ ကျန် ၂၁ ရာခိုင်နှုန်းမှာ မြေအောက် ရေအဖြစ် စိမ့်ဝင်သွားသည်။

ပုံ ၃ အခြေအနေတွင်မူ နေအိမ်များ ပိုများလာသည်။ ရေမစီးဝင်နိုင်သော မျက်နှာပြင်မှာ ၃၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း အထိရှိလာသည်။ ထိုအခြေ အနေတွင် ရွာသွန်းသော မိုး၏ ၃၅ ရာခိုင်နှုန်းမှာ အငွေ့ပျံသည်။ ၃၀ ရာခိုင်နှုန်းမှာ မြေလွှာထုပေါ်တွင် စီးသွား သည်။ ၂၀ ရာခိုင်နှုန်းမှာ မြေသားထု အတွင်း အပေါ်လွှာများအတွင်း စီးသွားသည်။ ကျန် ၁၅ ရာခိုင်နှုန်းမှာ မြေအောက် ရေ အဖြစ် စိမ့်ဝင်သွားသည်။

ပုံ ၄ အနေအထားတွင်မူ တိုက်တာ အဆောက်အအုံ၊ ကွန်ကရစ်များ များစွာ စိပ်လာသည်။

ရေမစီးဝင်နိုင်သော မျက်နှာပြင်မှာ ၇၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်း အထိ ရှိသည်။ ယင်းအခြေ အနေတွင် ရွာသွန်းသော မိုး၏ ၃၀ ရာခိုင်နှုန်းမှာ အငွေ့ပျံသည်။ ၅၅ ရာခိုင်နှုန်းမှာ မြေပေါ် (မြို့များတွင်မူ လမ်းပေါ်) စီးသည်။ ၁၀ ရာခိုင်နှုန်းမှာ မြေသားထုအတွင်း အပေါ်လွှာများအတွင်း စီးသွားသည်။ ကျန် ၅ ရာခိုင်နှုန်း သည် သာလျှင် မြေအောက်ရေအဖြစ် စိမ့်ဝင်သွားသည်။

ထိုအခြေအနေများကို ကြည့်ပါက ရေစိမ့်မဝင်နိုင်သည့် ဧရိယာ များပြား လာလေလေ မြေအောက်ရေ ခမ်းခြောက် လာလေလေ ဖြစ်သည်။ ယင်းအပြင် မြေပေါ်တွင် ရေစီးနှုန်းလည်း များလာ သည်။

နေအိမ် အဆောက်အအုံ လမ်းများ ကြောင့် ရေစိမ့်ဧရိယာများလျော့လာချိန် တွင် နေအိမ်အဆောက်အအုံဝင်း၊ စီးပွားရေး လုပ်ငန်းတို့ရှိ မြေသားများကိုပါ ကွန် ကရစ်ခင်းလာကြရာ ရေမစိမ့်နိုင်သော ဧရိယာ ပိုနည်းလာသည်။

ထိုကြောင့် မြို့ပြ စီမံကိန်းများ လုပ်ဆောင်ရာတွင် ရေစိမ့်နိုင်သော ဧရိယာများ မည်သို့ ချန်လှပ်ထားမည်ကို ချင့်ချိန်စီမံရန်၊ လမ်းများ ပလက်ဖောင်း များ မြောင်းများမှ တစ်ဆင့် ရေစိမ့်နိုင်အောင် မည်သို့စီမံမည်မှာ အရေးကြီးသည်။

ထိုနည်းတူ လူတစ်ဦးချင်း အနေ နှင့်လည်း သဘာ၀ဝန်းကျင်ကောင်း အဖြစ် ရေရှည်တည်တံ့ရေး အသိသုတ ကြွယ်၀ပြီး မိမိတို့ နေအိမ်၊ အအောက် အအုံများတွင် ရေစိမ့်ဧရိယာများ များနိုင် သမျှ များစွာ ကျန်နေအောင် ကွန်ကရစ်များ လွယ်လင့်တကူခင်းမည့်အစား မည်သို့ စီမံမည်မှာ အရေးကြီးလှသည်။

Ref:

https://sites.google.com/a/owu.edu/water-runoff-in-urban-areas/water-cycle/harmful-effects

https://www.mysteinbach.ca/blogs/8351/urban-surface-water-management-solutions/